ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ မေ ၁၃ ရက်

တနင်္သာရီတိုင်း ၊ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးရွာတွင် ယမန်နေ့ မေလ ၁၂ ရက် နံနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦးဆင်နင်းခံရကြောင်း ဒေသခံများ နှင့်ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတ အဖွဲ့ထံမှ သိရသည်။

ဆင်နင်းခံရသူ မှာ ဘုတ်ပြင်းမြို့နယ် ၊ရေငံကြီးရွာနေ အသက် ၃၉ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ဥယျာဥ် ခြံအတွင်း ဆင်နင်းခံရခြင်းဖြစ်ကြောင်းသိရသည်။

“ဥယျာဥ်ခြံသမားတွေက တောထဲသွားရင် ခွေးကို အဖော်အဖြစ်ခေါ်သွားကြတယ်။ အဲ့ဒီအချိန်မှာ ခွေးက ဆင်ကိုတွေ့တော့ ဟောင်တာပေါ့။ ခြံရှင်က လည်းခွေးဟောင်သံကြားလို့ဆိုပြီး လိုက်သွား ကြည့်တာ။ ခွေးနဲ့ ဆင်က နီးကပ်နေပြီလေ။ ခြံရှင် ကခွေးကိုမောင်းထုတ်တဲ့ အချိန် ဆင်ကပြေးလာပြီး ခြံရှင် ရှိရာကိုဦးတည်ပြီးလာတယ်ပေါ့။ အဲ့ဒါနဲ့ ခြံရှင်ကကြောက်ပြီး ထွက်ပြေးတဲ့ အချိန်မှာ လဲကျသွားတယ်။ အဲ့ဒီမှာ ဆင်က တစ်ချက်နင်းလိုက်တယ်။ ပြီးတာနဲ့ ဆင်လည်းလှည့်ထွက်သွားတယ်” ဟု မိသားစုနှင့် နီးစပ်သည့် ရေငံကြီးရွာ ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ အမျိုးသားအား နင်းသည့်ဆင်မှာ အုပ်လိုက်မဟုတ်ဘဲ တစ်ကောင်တည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဆင်နင်းခံရသော အမျိုးသားသည် ရင်ဘက် နှင့် လက်နှစ်ဖက် အပြင်းအထန်ဒဏ်ရာရရှိထားပြီး မျက်နှာတွင် ပွန်းပဲ့ ဒဏ်ရာ အနည်းငယ်ရရှိထားကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များထံမှ သိရသည်။

“ကျွန်တော်တို့ လူနာကို လက်ခံသယ်ယူရတဲ့အခါ လူနာရဲ့လက်နှစ်ဖက်က ထိလို့ကိုင်လို့ မရအောင် နာကျင်ခံစားနေရတယ်။ ရင်ဘတ်အောင့် ၊ လက်နာ နဲ့ အခြားဒဏ်ရာတွေ့လည်းရှိသေးတယ်။ အခုတော့ ဆင်းနင်းခံရတဲ့လူနာကို ဘုတ်ပြင်းမြို့ က ၁၈ / ၁၀၀ ဆေးရုံသို့ပို့ဆောင်ပေးထားတယ်” ဟု ဇမ္ဗူမေတ္တာ ကျန်းမာရေးကူညီမှုအသင်း တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ဘုတ်ပြင်းမြို့နယ်အတွင်း ဆင်နင်းခံရသည့် ဖြစ်စဥ်ကြောင့် အမျိုးသား သုံးဦး သေဆုံးခဲ့ရကြောင်း ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးအသင်များ၏ မှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ ၊ ဇမ္ဗူမေတ္တာကျန်းမာရေးကူညီမှုအသင်း။
ပုံစာ – မေလ ၁၂ ရက်က ဆင်နင်းခံရသူအား ဆေးရုံသို့ပို့ဆောင်နေစဥ် ။
#ဘုတ်ပြင်းမြို့ #ရေငံကြီးရွာ #အမျိုးသားတစ်ဦး #ဆင်းနင်းခံရ #Ayeyarwaddy_Times