
ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်ကျေးရွာရှိ ကျောင်းကို မြန်မာစစ်တပ်က တနင်္လာနေ့တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေး ၂၀ အပါအဝင် ၂၂ ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားခဲ့သည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ အင်းအားပြင် ငလျင်ဗဟိုချက်၏ အနောက်မြောက်ဘက် ၆၅ မိုင်အကွာရှိ ကျောင်းကို နံနက် ၁၀ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ယင်းတိုက်ခိုက်မှုသတင်းများကြောင့် အလွန်တုန်လှုပ်ခြောက်ခြားကြောင်း ပြောကြားခဲ့ပြီး ကျောင်းများသည် ကလေးများအတွက် လုံခြုံသော နေရာဖြစ်သင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
စစ်ကောင်စီ သတင်းအဖွဲ့က ယင်းတိုက်ခိုက်မှုသတင်းများသည် ဖန်တီးထားသော သတင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိပြီး စစ်တပ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြောက်ကျားတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံမှ ဆုံးရှုံးမှုများ ရင်ဆိုင်နေရသည်။
စစ်တပ်သည် လူပေါင်း ၃၈၀၀ နီးပါး သေဆုံးခဲ့သော ငလျင်အပြီး ယခုလအတွင်း အပစ်အခတ်ရပ်စဲရန် ကတိပြုထားခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
ကုလသမဂ္ဂနှင့် လွတ်လပ်သော စောင့်ကြည့်ရေးအဖွဲ့များက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ရည်ရွယ်ထားပြီး စစ်တပ်သည် အပစ်အခတ်ရပ်စဲရေးကြားမှပင် ၎င်း၏ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ကုလသမဂ္ဂက ငလျင်လှုပ်ခတ်ပြီးကတည်းက လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ်အပါအဝင် အနည်းဆုံး စစ်တပ်၏ တိုက်ခိုက်မှု ၂၄၃ ကြိမ်တွင် အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။
ကိုးကား-AFP
Ref: Myanmar junta airstrike kills 22 at school: witnesses
#Ayeyarwaddy_Times