
ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ပြည့်သူစစ်မှု မထမ်းဆောင်လိုသူ လူငယ်များကို ဒူးထောက်ခိုင်းကာ ပါးရိုက်ပြီး ငွေကျပ်ငါးသောင်း(၅၀၀၀၀) ပေးရန်တောင်းယူကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီခန့် ကလို့ကွင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်စိုးသန်းသည် အုပ်စုအတွင်းရှိ လူငယ်များကို အတင်းအဓမ္မလိမ်လည် ဖမ်းဆီး၍ စစ်မှုမထမ်းဆောင်လိုသူများကို နှိပ်စက်ခြင်းများပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
“စစ်မှုမထမ်းချင်ရင် ပါးကိုဘယ်ပြန်ညာပြန် စိတ်ကျေနပ်တဲ့အထိရိုက်တယ်။ ပြီးတော့ ငွေငါးသောင်း အနည်း ဆုံးထားပေးရတယ်။ သူ့ရှေ့ပါးရိုက်ခံဖို့လာရင် ဒူးထောက်လက်နောက်ပစ်ပြီးသွားရတယ်” ဟု ကလို့ကွင်းအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သတင်းဌာနကို ဆက်သွယ်ပြောဆိုသည်။
အဆိုပါအုပ်ချုပ်ရေးမှူးသည် ကလို့ကွင်းအုပ်စုအတွင်း အမျိုးသားများ မရှိသည့် နေအိမ်များကို ကျပ်ငွေ ငါးသိန်းတောင်းယူပြီး အမျိုးသားများရှိသည့်နေအိမ်ကိုမှု ကျပ်ငွေ နှစ်ဆယ့်ငါးသိန်းအထိ တောင်းယူ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အလားတူ ကြံခင်းမြို့နယ်၊ ကွင်းကြီးအုပ်စု စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးငကျော် (ခ) ဦးကျော်ကျော်သည်လည်း ဒေသခံလူငယ်များကို ခဏလိုက်ခဲ့ဟု ခြိမ်းခြောက်ခေါ်ယူ၍ စစ်မှုထမ်း ဆောင်ရန် စစ်သင်တန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်း ငပုတောမြို့နယ် ၊ ကျုံကူးတိုက်နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပြည်သူ့စစ်မှုထမ်း စုဆောင်းရာတွင် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် မေ ၆ ရက်နေ့က ဓားခုတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှကြိုင် သေနတ်နှင့်ပစ်ခတ်ခံရကာသေဆုံးခဲ့ပြီး ဟင်္သာတမြို့နယ်၊ သံနွံသနော့ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဖြူသည်လည်း ဓားခုတ်ခံရကာ သေဆုံးခဲ့သည်။
ပုံစာ- ကလို့ကွင်းအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကြည်စိုးသန်း
#ကြံခင်း #ကျေးရွာအုပ်ချုပ်ရေးမှူး #စစ်မှုမထမ်းဆောင်လိုသူများ #ဒူးထောက် #ပါးရိုက် #ငွေငါးသောင်းတောင်း #Ayeyarwaddy_Times