ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

အပစ်ရပ်သက်တမ်းတိုးထားသည့် စစ်ကောင်စီက နောင်ချိုမြို့နယ် သရက်ချိုကျေးရွာအား လက်နက် ကြီးဖြင့်ပစ်ခတ်ရာ ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ မေ ၉ ရက်နေ့တွင် တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။

မင်္ဂလာပွဲကျင်းပနေသည့် သရက်ချိုကျေးရွာကို ပြီးခဲ့သည့် မေ ၈ ရက်နေ့က တောင်းခမ်းရွာရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် မစခ- ၉၀၂ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ငါးနှစ်အရွယ် ကလေးငယ်အပါဝင် ဒေသခံလေးဦးသေဆုံးခဲ့ပြီး၊ ခုနစ်ဦး ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

အပစ်ခတ်ရပ်စဲရေး သက်တမ်းတစ်လထပ်တိုးထားသည့် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး အဆိပ်ငွေ့ဗုံးများကိုပါ အသုံးပြုနေ ကြောင်း TNLA က ထုတ်ပြန်ထားသည်။

မေ ၈ ရက် ညနေပိုင်းတွင် နောင်လင်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဒရုန်းဖြင့် ဗုံး ရှစ် လုံး၊ အဆိပ်ငွေ့ဗုံး ငါး လုံး၊ လက်နက်ကြီးဖြင့် ၃၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အုမ္မသီးကျေးရွာကိုလည်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး တစ်လုံး ကြဲချခဲ့သည်ဟု ဆိုသည်။

ထို့အပြင် TNLA ပူးပေါင်းတပ်ရှိရာ သရက်ချိုရွာအနီးသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ မစခ ၉၀၂ မှ ဒရုန်းဖြင့် ဗုံး နှစ်လုံး၊ လက် နက်ကြီးဖြင့် ၁၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နောင်ချိုမြို့နယ် ယာပြင်ကျေးရွာအနီး တိုက်ပွဲတွင်လည်း ဒရုန်းဖြင့် ဗုံးနှစ်လုံး၊ လက်နက် ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီက မေ ၆ ရက်မှ ၃၁ ရက်နေ့အထိ အပစ်ရပ်စဲမည်ဟု ထပ်မံသက်တမ်းတိုးထားသော်လည်း TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆော င်နေကြောင်း TNLA က အသိပေးထားသည်။

တအာင်းတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ အာရက္ခတပ်တော်(AA) ညီနောင်မဟာ မိတ်သုံးဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်နေရာများ ထိုးစစ်ပြုလုပ်မည် မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား မေလကုန်အထိ ကြေညာထားခြင်းဖြစ်သည်။

ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #နောင်ချို #သရက်ချို #စစ်ကောင်စီ #အဆိပ်‌ငွေ့ #ဗုံးကြဲ #လက်နက်ကြီး #ပစ်ခတ် #တိုက်ခိုက် #Ayeyarwaddy_Times