နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

တကြော့ပြန် လူငယ်လူလတ်ပိုင်း ခေါင်းဆောင်များ ဦးဆောင်မှုဖြင့် ကိုယ်ထူကိုယ်ထ ရုန်းကန် လာခဲ့သည့် တအာင်းတပ်မတော် (TNLA) သည် လက်ရှိတွင် တရုတ်အစိုးရ၏ အလွန်ပြင်းထန်သော ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။

ထိုင်း-မြန်မာနယ်စပ်၊ မာနယ်ပလောတွင် ပြန်လည်စတင် ဖွဲ့စည်းခဲ့ပြီး ဆယ်စုနှစ်အတွင်း သိသာ ထင်ရှားသော အောင်မြင်မှုများ ရရှိထားသည့် TNLA သည် ၎င်းတို့အပေါ် ကျရောက်နေသော နိုင်ငံရေး ဖိအားများနှင့် ပတ်သက်၍ လူထုကို အသိပေးလာခဲ့သည်။

“ဖိအားပေးမှုကတော့ အရင်ကတည်းကလည်း ရှိခဲ့ပြီး အခုထိလည်း ဆက်လက်ရှိနေပါတယ်။ အထူးသဖြင့် လူထုအပေါ် ထိခိုက်မှုက အလွန်ပင် ကြီးမားခဲ့ပါတယ်” ဟု TNLA တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လက ဆိုထားသည်။

ပြီးခဲ့သည့် မေ ၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် TNLA တာဝန်ရှိသူများက ဒေသတွင်း၌ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ဧပြီလအတွင်း လှုပ်ရှားမှုများ အပြင် တရုတ်အစိုးရ၏ ဖိအားပေးမှုများကိုပါ ဖွင့်ဟပြောဆိုခဲ့သည်။

#TNLAအပေါ် သက်ရောက်နေသည့်တရုတ်ဖိအား

စစ်ကောင်စီသည် ရှမ်းမြောက်ဒေသ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် အထိနာကာ စစ်ရေးအရ အားနည်းလာပြီး အာဏာချိန်ခွင် ပြောင်းလဲလာမှုအပေါ် တရုတ်အစိုးရက ၎င်းတို့၏ စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ထိခိုက် သည်ဟု ယူဆကာ မလိုလားခဲ့ပေ။

ယမန်နှစ် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်စွဲဖြင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ နိုင်ငံတော်လုံခြုံရေးကော်မတီမှ TNLA ထံ ပေးပို့ခဲ့သော သတိပေး ခြိမ်းခြောက်စာသည်လည်း တရုတ်အစိုးရ၏ သိသာထင်ရှားသော ဖိအားပေးမှုတစ်ခုအဖြစ် TNLA အပေါ် သက်ရောက်မှု ရှိခဲ့သည်။

ထိုစာတွင် မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ဝင် TNLA အနေဖြင့် ဆင်နွှဲနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန်နှင့် မရပ်တန့်ပါက ပြင်းထန်သော ဆုံးမသွန်သင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ရာဇသံပေးခဲ့သည်။

တရုတ်အစိုးရသည် ၎င်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများအပါအဝင် ၎င်းတို့၏ အကျိုးစီးပွားများအတွက် စိုးရိမ်ပူပန်လျက် TNLA ကို နည်းမျိုးစုံဖြင့် ဖိအားပေးကာ ပိတ်ဆို့မှုများ လုပ်ဆောင်လျက်ရှိသည်။

အလားတူ စစ်ရေးအရ ရှုံးနိမ့်နေသော စစ်ကောင်စီကလည်း လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများအပြင် တရုတ်အစိုးရနည်းတူ ‘ဖြတ်လေးဖြတ်’ နည်းလမ်းကို အသုံးပြု၍ TNLA ထိန်းချုပ်နယ်မြေဒေသနှင့် ဆက်သွယ်ထားသည့် ကားလမ်းကြောင်းများကို ပိတ်ဆို့ တင်းကျပ်လျက်ရှိသည်။

#တရုတ်၏ဖြတ်ငါးဖြတ်

တအာင်းတပ်မတော် (TNLA) သည် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိကကျသော နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့ကို သိမ်းပိုက်ထားပြီး ရှမ်းပြည်နယ်ရှိ တရုတ်၏ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းအများစုကိုလည်း ထိန်းချုပ်ထားသည်။

ယင်းအပြင် အချက်အချာကျသော ကုန်သွယ်ရေးလမ်းမများ၊ နမ္မတူဘော်တွင်းကဲ့သို့ သတ္တုတွင်း စီမံကိန်းကြီးများနှင့် လက်ဖက်ခြောက်စက်ရုံများကို TNLA က သိမ်းပိုက်ထိန်းချုပ်ထားသဖြင့် တရုတ်အစိုးရသည် ၂၀၂၄ ခုနှစ်မှစတင်၍ ‘ဖြတ်ငါးဖြတ်’ နည်းလမ်းကို ကျင့်သုံးလာခဲ့သည်။

အဆိုပါ တရုတ်အစိုးရ၏ ဖြတ်ငါးဖြတ်ဆိုသည်မှာ ရေ၊ လျှပ်စစ်၊ အင်တာနက်၊ ထောက်ပို့နှင့် လူအင်အားများအား ဖြတ်တောက်ခြင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ဒေသဂိတ်များနှင့် ကားလမ်းကြောင်းများကိုလည်း ပိတ်ဆို့ကာ စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးရန် တွန်းအားပေးခဲ့သည်။

ထိုသို့ ပိတ်ဆို့မှုများကြောင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့နေသည့် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါးနှင့် လောင်စာဆီ စသော ကုန်စည်များအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။

#၁၀၂၇နောက်ပိုင်းTNLAအခြေအနေ

TNLA အပါအဝင် ညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများ ဖြိုခွင်းနှိမ်နင်းရေးကို အခြေခံ၍ “၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်ခဲ့သည်။

ထို့အပြင် ပြည်သူနှင့်အတူ ရပ်တည်၍ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသော ညီနောင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”သည် တော်လှန်ရေးတွင် မကြုံစဖူး ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်။

စစ်ဆင်ရေးကို ‘ပထမလှိုင်း’ နှင့် ‘ဒုတိယလှိုင်း’ ဟူ၍ နှစ်ပိုင်းခွဲကာ မဟာမိတ် တော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲများ ဖော်ဆောင်ခဲ့ရာတွင် MNDAA သည် ရှမ်းမြောက်ဒေသရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့အပါအဝင် နယ်စပ်မြို့များနှင့် ကိုးကန့်ဒေသကို သိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ TNLA ကလည်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်အပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး AA သည် မြို့တော်စစ်တွေ၊ မာန်အောင်ကျွန်းနှင့် ကျောက်ဖြူမြို့နယ်၏ အစိတ်အပိုင်းငယ်အချို့မှလွဲ၍ ရခိုင်ပြည်နယ် ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားသည်။

စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသော စစ်ကောင်စီ၏ တပ်စခန်းများကိုပါ သိမ်းပိုက်ထားသော ယင်းညီနောင်သုံးဖွဲ့အနက် TNLA သည် ၎င်းတို့ ထိန်းချုပ်ရရှိထားသော မြို့များကို ခရိုင် ၅ ခု၊ မြို့နယ် ၁၈ မြို့နှင့် တပ်မဟာ ၉ ခုအဖြစ် တိုးချဲ့ပြင်ဆင် စုဖွဲ့ထားကြောင်း သိရသည်။

#စစ်ကောင်စီနောက်တွင်ဗြောင်ကျကျရပ်တည်လာသည့်တရုတ်

စစ်အာဏာသိမ်းမှုကို ထောက်ခံအားပေး ကူညီခဲ့သော တရုတ်အစိုးရသည် မြန်မာ့ပြည်တွင်းရေးကို တစ်နေ့တခြား ဝင်ရောက် စွက်ဖက်လျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် စစ်ကောင်စီ လိုလားနေသော လားရှိုးမြို့ကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

တရုတ်အစိုးရကမူ ယင်းကိစ္စသည် ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းသာဖြစ်ပြီး အပစ်ခတ်ရပ်စဲရေးကို စောင့်ကြည့်ရန် ၎င်းတို့၏ အဖွဲ့တစ်ဖွဲ့ကို လားရှိုးမြို့သို့ စေလွှတ်ထားကြောင်း ပြောဆိုသော်လည်း သက်ဆိုင်သူများကမူ တရုတ်ဖိအားကြောင့်ဟု ဆိုသည်။

ထိုအပစ်ခတ်ရပ်စဲရေး စောင့်ကြည့်မည့်အဖွဲ့ကို တရုတ်အထူးသံတမန် တိန့်ရွှီကျင်းက ဦးဆောင်ခဲ့ပြီး စစ်ကောင်စီ၏ စစ်ဆင်ရေးအထူးအဖွဲ့ (စကထ)မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးအဖွဲ့၊ MNDAA ခေါင်းဆောင်တို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးကာ လားရှိုးမြို့ကို ပြန်လည်ပေးအပ်ခဲ့ရသည်။

တရုတ်အစိုးရသည် ထိုကဲ့သို့ ကြားဝင်စေ့စပ်မှုကို အကြောင်းပြ၍ စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ၌ ရှုံးနိမ့်နေသည့် အာဏာ သိမ်း စစ်ကောင်စီကို တစ်ဖက်လှည့်ဖြင့် ဆုံးရှုံးနယ်မြေ ပြန်လည်ရရှိအောင် နိုင်ငံရေး ဖိအားပေး ကူညီလိုက်မှုသည် ဗြောင်ကျကျ ရပ်တည်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ယင်းအပြင် တရုတ်အစိုးရသည် အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ၏ အထီးကျန်ဖြစ်နေသော စစ်ခေါင်းဆောင်ကို လူရာသွင်းကာ ဒေသတွင်း နိုင်ငံများနှင့် ထိတွေ့ဆက်ဆံနိုင်ရန်လည်း နည်းလမ်းမျိုးစုံဖြင့် ကူညီပေးနေသလို ရုရှားနိုင်ငံနှင့်အတူ ရပ်တည်လျက်ရှိသည်။

လက်ရှိတွင်လည်း TNLA သိမ်းယူထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကို စစ်ကောင်စီက ပြန် လည်လိုချင်နေသဖြင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန် တရုတ်အစိုးရ၏ ဦးဆောင်မှုဖြင့် ဖိအားပေး ကူညီလျက်ရှိသည်။

#ကြုံတွေ့နေရမှုအပေါ် TNLA၏ဆုံးဖြတ်ချက်

TNLA ဒုတိယဥက္ကဌ-၁ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သောအဖွဲ့သည် ပြီးခဲ့သော ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် ကူမင်းမြို့၌ စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် လာမည့် ဩဂုတ်လတွင် ထပ်မံဆွေးနွေးရန် ရှိနေသည်။

ယင်းတွေ့ဆုံမှုအတွင်း စစ်ကောင်စီက နောင်ချိုအပါအဝင် မြို့ငါးမြို့ကို ပြန်လည်တောင်းဆိုခဲ့ပြီး TNLA ကမူ နှစ်ဖက်တပ်များ ရောက်ရှိသည့်နေရာတွင် အပစ်ရပ်ရန်၊ နှစ်ဖက်စလုံး ထိုးစစ်ဆင်မှုနှင့် စစ်ရေးလှုပ်ရှားမှုများ အားလုံးရပ်တန့်ရန် အပါအဝင် အချက်သုံးချက် တောင်းဆိုခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုများ မည်သို့ပင် ရှိနေစေကာမူ သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီထံ ပြန်ပေးမည်မဟုတ်ကြောင်း TNLA တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လက မေ ၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တရားဝင် ပြောဆိုခဲ့သည်။

ထို့အပြင် ၎င်းတို့ ထိန်းချုပ်တာဝန်ယူထားသည့် နယ်မြေဒေသတွင်းရှိ ပြည်သူလူထု၏ အသက်နှင့် ဘဝလုံခြုံမှု၊ စည်းစိမ်ဥစ္စာ လုံခြုံမှု၊ စားဝတ်နေရေး ပြေလည်မှုများကို အဓိကထား စဉ်းစားရှေးရှုကာ ဆွေးနွေးရပ်တည်သွားမည်ဖြစ်ကြောင်း TNLA က တုံ့ပြန်ပြောဆိုသည်။

အဆိုပါ အခြေအနေများအရ ရှေ့ဆက်ဖြစ်လာနိုင်မည့် အလားအလာများအပေါ် အနေတွ့အကြုံရှိ တပ်မတော်သား CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ရာတွင် TNLA ၏ တောင့်ခံနိုင်စွမ်းနှင့် စစ်ကောင်စီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရမည်ဟု ဆိုသည်။

“အကယ်၍ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လျှော့ချလိုက်မယ်၊ ကိုးကန့်လိုမျိုး ရပ်လိုက်မယ်ဆိုရင် TNLA ကလည်း သူတို့တောင်းဆိုချက်ကို လိုက်လျောတာဖြစ်တဲ့အတွက် စစ်ကောင်စီက တောင်းဆိုတာကိုလည်း တရုတ်ဖိအားအရ တစ်နည်းတစ်ဖုံ လိုက်လျောရလိမ့်မယ်” ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

လက်ရှိတွင် မြန်မာပြည်သူများ၏ ထောက်ခံအားပေးမှုကို ရရှိထားပြီး စစ်ကောင်စီကို သွေးပျက် တပ်ပျက်စေသော “၁၀၂၇ စစ်ဆင်ရေး” ကို ဆင်နွှဲဖော်ဆောင်သည့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့အနက် ကြီးမားသော တရုတ်ဖိအားများကို ရင်ဆိုင်နေရသည့် MNDAA ပြီးနောက် TNLA သည်လည်း ဘေးကျပ်နံကျပ် အခြေအနေကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

#တရုတ်ဖိအား #TNLA #ခံနိုင်စွမ်းနှင့်ရှေ့ဆက်ရမည့်လမ်း #ဆောင်းပါး #Ayeyarwaddy_Times