
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၁၀ ရက်
တနင်္သာရီ တိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မှ လေညာဘက်သို့ ကား ခုနှစ်စီး ဖြင့်တက်လာသော စစ်ကောင်စီယာဥ်တန်း ကို တော်လှန်ရေးပူးပေါင်းတပ်များတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး တပ်ရင်းမှူးအပါဝင် ၂၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း ၂၀၃ တပ်ခွဲ (၄ ) တာဝန်ရှိသူ ထံမှသိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် ဘုတ်ပြင်းမြို့နယ် မှ လေညာဘက်သို့ (VIGO )အမျိုးအစား ကားငါးစီး ၊ကျောက်ကား နှစ်စီးတို့ဖြင့် စစ်ကောင်စီယာဥ်တန်း တက်လာကြောင်း သတင်းရရှိသဖြင့်မေ ၈ ရက် မွန်းလွဲ နှစ်နာရီ မိနစ်နှစ်ဆယ်ခန့်တွင် ဘိုဒါးကျေးရွာ နှင့် ဝါးချောင်းကျေးရွာအကြား ကျောက်ဖြူတောင် ရေချိုချောင်းအနီး အဝေးထိန်းမိုင်းဖြင့် အသင့်စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့က သတင်းကြိုရထားလို့ အဝေးထိန်းမိုင်းတွေအဆင်သင့်ထောင်ပြီးစောင့်နေခဲ့တာပါ။ကားက အားလုံး ခုနှစ်စီးပါ။ (VIGO) ကား ငါးစီးက စစ်တပ်ပိုင်ကားတွေပါ။ကျောက်ကား နှစ်စီးက အရပ်သားကားတွေကိုချောဆွဲလာတာပါ။သူတို့တပ်ကလည်း ကျွန်တော်တို့ပူးပေါင်းအဖွဲ့ထောင်ထားတဲ့ မိုင်းကွင်းထဲကိုရောက်လာတယ်။အဲ့ဒီအချိန်မှာ မိုင်းကိုဖောက်ခွဲပြီးလက်နက်ကြီး လက်နက်ငယ် တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်”ဟု KNLA တပ်ရင်း ၂၀၃ တပ်ခွဲ( ၄) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ (VIGO) ကားအမဲတစ်စီး သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီအမြောက်တပ်မှ တပ်ကြပ်ကြီး တစ်ဦးသေဆုံးခဲ့ပြီး ခမရ – ၃၅၈ တပ်ရင်း မှ တပ်ရင်းမှူးမျက်လုံးတွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
” စစ်တပ်ကပိုင်တဲ့ (VIGO) ကားအမဲတစ်စီးသိမ်းဆည်းရမိတယ်။ခမရ – ၃၅၈ တပ်ရင်း မှူးက မျက်လုံး ထွက်သွားတယ်။ဒဏ်ရာက စိုးရိမ်ရတယ်လို့ တပ်ဆေးရုံမှာရှိတဲ့ ကျွန်တော်တို့ရဲ့သတင်းပေးတွေကပြောလာတယ်။ကျန်တဲ့ ၂၀ ယောက်လည်း ဒဏ်ရာအသီးသီးရထားကြတယ်။အဲဒါကြောင့် သူတို့ တပ်သား အားလုံးကိုဘုတ်ပြင်း စစ်တပ်ဆေးရုံပို့ဆောင်ထားတယ်။ဒီနေ့လည်း ဒဏ်ရာရတဲ့သူတွေထဲက ထပ်သေနေတာတွေရှိတယ်” ဟု kNLA တပ်ရင်း ၂၀၃ တပ်ခွဲ( ၄ )တာဝန်ရှိသူကဆက်လက်ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို KNLAအမှတ် (၂၀၃)တပ်ရင်းမှ အမှတ်(၄)တပ်ခွဲ၊ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ခွဲ၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Flying Star Force)နှင့်ဘုတ်ပြင်းမြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ ၊ KNLA တပ်ရင်း ၂၀၃ တပ်ခွဲ (၄)
ပုံစာ ၊စစ်ကောင်စီထံ မှ သိမ်းဆည်းရမိသော ကား။
#ဘုတ်ပြင်းမြို့နယ် #လေညာ #စစ်ကောင်စီယာဥ်တန်း #တိုက်ခိုက်ခံရ ခိုက်ခံရ #တပ်ရင်းမှူးအပါဝင် #၂၀ဦးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times