ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၁၀ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းအခြေစိုက် ခမရ-၂၂၄ တပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ယမန်နေ့ မေ ၉ ရက်က ခွပ်ဒေါင်းတမံအထူးစစ်ကြောင်းထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးမှာ ဘုတ်ပြင်းအခြေစိုက် ခမရ-၂၂၄ တပ်ရင်းမှ အသက် ၃၀ အရွယ်ရှိ တပ်ကြပ်ကြီးတစ်ဦးနှင့် အသက် ၂၈ အရွယ်ရှိ တပ်သားတစ်ဦးတို့ ဖြစ်ကြောင်း ခွပ်ဒေါင်းတမံအထူးစစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

“အဲဒီ စစ်ကောင်စီတပ်သား နှစ်ဦးဟာ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ဆက်ပြီး တာဝန်မထမ်းဆောင်လိုတော့ပါဘူး။ တပ်ကြပ်ကြီးက လုပ်သက် ၁၀ နှစ်ရှိပြီး တပ်သားက လုပ်သက် ၅ နှစ်ပါ။ သူတို့ဟာ အေးအေးဆေးဆေး နေထိုင်လိုကြပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကိုလည်း အလွန်စိတ်ကုန်နေကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့နဲ့ ချိတ်ဆက်ပြီး ရောက်ရှိလာတာ ဖြစ်ပါတယ်” ဟု ခွပ်ဒေါင်းတမံအထူးစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးသည် MA1 သေနတ် နှစ် လက်၊ ကျည်ဘောက် ကိုး ခုနှင့် 5.56 ကျည် ၃၂၈ တောင့်ကို ယူဆောင်လာခဲ့ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုသောအားဖြင့် ထိုက်တန်သည့် ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

KNLA တပ်ရင်း (၁၁) လက်အောက်ခံ ခွပ်ဒေါင်းတမံအထူးစစ်ကြောင်း တာဝန်ခံများသည် အဆိုပါ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးကို နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လက်ရှိတွင် ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့၏ ဆန္ဒအလျောက် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကြောင်းတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

တနင်္သာရီမြို့နယ်၊ မြိတ်-မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ယခုနှစ် မေလအထိ ၄ လကျော်ကြာ ဖြစ်ပွားနေသော သိန်ခွန်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ပုံစာ-လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက် လာသော ဘုတ်ပြင်းအခြေစိုက် ခမရ-၂၂၄ တပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦး။

#ဘုတ်ပြင်း #ခမရ၂၂၄တပ်ရင်း #စစ်ကောင်စီတပ်သား၂ဦး #လက်နက်ခဲယမ်းအပြည့်အစုံ #ခွပ်ဒေါင်းတမံအထူးစစ်ကြောင်း #အလင်းဝင် #Ayeyarwaddy_Times