
ဧရာဝတီတိုင်းမ်၊
မေ ၁၀ ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ ထားဝယ်မြို့နယ်၊ ထီးခီးဒေသကို သိမ်းပိုက်အပြီးတွင် စစ်ရေးဆိုင်ရာ အောင်မြင်မှုနှင့်အတူ စစ်ကောင်စီ၏ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အစီအစဉ် အပါအဝင် အချက် ငါး ချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ကြေညာသည်။
KNU ၏ မြိတ်-ထားဝယ်ခရိုင်၊ ခရိုင်ဌာနချုပ်နှင့် တပ်မဟာဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသကို မေ ၉ ရက်နေ့တွင် အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်သည် ထိုမြိတ်-ထားဝယ်ခရိုင် နယ်မြေကို ၁၉၉၇ ခုနှစ်တွင် သိမ်းပိုက်ခဲ့ရာ စစ်ရေးပဋိပ္ပခများနှင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ ဖြစ်ပေါ်ခဲ့သည်။
KNU တပ်မဟာ ၄ နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် မေ ၂ ရက်မှစတင်ကာ ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ထီးခီး စခန်းကိုပြန်လည်ရရှိခဲ့သည်။
KNU တပ်မဟာ ၄ အနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ဒေသခံပြည်သူများ၏ လုံခြုံရေးကို အာမခံချက်ရှိစေရန် မြိတ်-ထားဝယ်ဒေသရှိ ထီးခီး စစ်အခြေစိုက်စခန်းကို ပြန်လည်ထိန်းချုပ်ခြင်းသည် မဖြစ်မနေ လိုအပ်သည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်သူများ၏ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နှင့် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများမှ လွတ်မြောက်စေရန်အတွက် စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟုလည်း ယုံကြည်ကြောင်း ဆိုထားသည်။
အလားတူ စစ်ကောင်စီနှင့် ရုရှားအစိုးရတို့ ပူးပေါင်း၍ ဖော်ဆောင်မည့် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်သော နေရာနှစ်ခုမှာ ပဲခူးတိုင်းအလယ်ပိုင်းနှင့် ထိုင်းနယ်စပ်၊ တနင်္သာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့တွင် ဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။
ထိုအခြေအနေကြောင့် နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် နေထိုင်မှုတို့အတွက် အလွန် စိုးရိမ်ပူပန်မိပြီး စစ်ရေးတင်းမာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နိုင်ချေများနှင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို KNU က လေးနက်စွာ သုံးသပ်လျက်ရှိကြောင်း သိရသည်။
KNU အနေဖြင့် အတိတ်နှင့် ပစ္စုပ္ပန်ကာလအတွင်း ထိုင်းပြည်သူများနှင့် သဟာဇာတဖြစ်စွာ နေထိုင်ခဲ့ကြသည့်နည်းတူ နောင်အနာဂတ်တွင်လည်း လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုတို့ဖြင့် အိမ်နီးချင်းကောင်း ပီသစွာ နေထိုင်ရန် အသင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ထိုင်းနိုင်ငံနှင့် ငြိမ်းချမ်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေး သဘောထားအပေါ် ၎င်းတို့ ရပ်တည်ကြောင်းနှင့် ထိုင်းပြည်သူများထံမှ နားလည်မှုကိုလည်း မျှော်လင့်ကြောင်း KNU က ဆိုသည်။
ဓာတ်ပုံ – KNU
#ထီးခီးစစ်ရေး #စစ်ကောင်စီ #နူကလီးယားဓာတ်အားပေးစက်ရုံ #တည်ဆောက်ရန် #အချက်၅ချက် #KNUထုတ်ပြန် #Ayeyarwaddy_Times