
ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်တွင် နှစ်ဖက်စစ်ရေးတင်းမာမှုအခြေအနေများကြောင့် စစ်ကောင်စီက ယခုမေလ ပထမအပါတ်မှ စတင်ကာ ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး တွဲမစီးရဟူ၍ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက အထူသဖြင့် တိုက်ပွဲများမကြာခဏဖြစ်ပွားကာ စစ်ကြောင်းထိုးနေသည့် နတ်တလင်း၊ မင်းလှ၊ လက်ပံတန်း စသည့်မြို့နယ်များတွင် လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး ဆိုင်ကယ်တစ်စီးတွင် အမျိုးသား နှစ်ဦး စီးနင်းပါက သေနတ်နှင့်ပင် ပစ်ခတ်ခွင့် ခွင့်ပြုထားကြောင်း သိရသည်။
“ကျေးရွာချင်းဆက်လမ်းတွေမှာပါ စီးခွင့်မပြုထားဘူး။ စစ်ဆေးရေးဂိတ်တွေက ဖြတ်လာတဲ့သူတွေ ပြောတာက နှစ်ယောက်စီးတာ တွေ့တာနဲ့ ပစ်သတ်လိုက်လို့အမိန့် ပေးထားတယ်တဲ့။ နောက်ပြီး လက်ပံတန်းဘက်က ဂိတ်တွေမှာကျ အဲ့လိုစီးတာ တွေ့တာနဲ့ အကြမ်းဖက်ဥပဒေတွေနဲ့ အရေးယူမယ်လို့ ပြောတယ်ဆိုတာ သိရတယ်” ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
စစ်ကောင်စီသည် နယ်မြေလုံခြုံရေး အခြေအနေအရဟုဆိုကာ သာယာဝတီခရိုင်တစ်ခုလုံးကို ပထမဆုံးအကြိမ်အနေဖြင့် အမျိုးသားတစ်ဦးမောင်းနှင်သည့် ဆိုင်ကယ် အနောက်တွင် နောက်အမျိုးသားတစ်ဦး လိုက်မစီးရန် နှင့် အမျိုးသမီး မောင်းနှင်သည့် နောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်းမပြုရန် အမိန့်ထုတ်ထားခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် မင်းလှမြို့နယ်သို့ပို့ဆောင်ကာ စစ်ကြောင်းထိုးနေသည့် ၎င်းတို့ စစ်အင်အား များကို နတ်တလင်းမြို့နယ်သို့ ပို့ဆောင်နေပြီး မင်းလှမြို့နယ်အတွင်းတွင်လည်း ဒေသခံ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဖောက်ထွင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ စတုတ္ထပတ်မှစတင်ကာ စစ်ကြောင်းထိုးခဲ့သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၆၀ ကျော်မှ ဒေသခံ သောင်း နှင့်ချီ၍ စစ်ဘေးရှောင်တိမ်းခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#သာယာဝတီခရိုင် #စစ်ကောင်စီ #ဆိုင်ကယ်၂ယောက်မစီးရ #အမျိုးသား #အမိန့်ထုတ်ပြန် #Ayeyarwaddy_Times