
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊မေ ၁၀ ရက်
ထီးခီးတိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်မျဥ်းပေါ်တွင် နေထိုင်နေကြသူများ မစိုးရိမ်ရန်နှင့် ထီးခီးစစ်ဗျူဟာစခန်းကို သိမ်းပိုက် လိုက်ခြင်းအပေါ် နယ်စပ်နေ ထိုင်းနိုင်ငံသားများ နားလည်ပေးကြရန် မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ မေလ ၁၀ ရက်နေ့တွင် ထိုင်းဘာသာဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီ၏ ထီးခီးစခန်းကို KNU တပ်မဟာ ၄ နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ မေလ ၉ ရက် နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထားဝယ်ခရိုင်ရှိ ထီးခီးစခန်းကို သိမ်းပိုက်ခဲ့ရခြင်းသည် နယ်စပ်တွင် နေထိုင်ကြသည့် မြန်မာနှင့် ထိုင်း ပြည်သူများ လုံခြုံရေး အာမခံချက်ရှိစေရန်အတွက် မဖြစ်မနေ ပြန်လည်ထိန်းချုပ်လိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်တပ်သည် KNU ၏ မြိတ် -ထားဝယ် ခရိုင်နယ်မြေကို ၁၉၉၇ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရေးပဋိပက္ခများနှင့် ဒေသပြည်သူများ၏ နေရပ်ပြောင်းရွှေ့မှုများ ဖြစ်ပေါ်ခဲ့ရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၄ အနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ဒေသ ပြည်သူများ၏ လုံခြုံရေးကို အာမခံချက်ရှိစေရန် မြိတ်-ထားဝယ်ဒေသရှိ ထီးခီး စစ်အခြေစိုက်စခန်းကို ပြန်လည် ထိန်းချုပ်ခြင်းဖြစ်ပြီး မဖြစ်မနေ ထိန်းချုပ်ရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း KNU တပ်မဟာ ၄ က ကြေညာသည်။
ပြည်သူများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများမှ လွတ်မြောက် စေရန်အတွက် စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ဆိုသည်။
ထို့ပြင် စစ်ကောင်စီသည် ပြီးခဲ့သော မတ်လ ၇ ရက်နေ့က သတင်းမီဒီယာများမှတစ်ဆင့် ရုရှားနည်း ပညာဖြင့် ၁၁၀ မဂ္ဂါဝပ် နူကလီးယားဓာတ်အားစက်ရုံ တည်ဆောက်ရန်ရှိနေကြောင်း ဆိုထား၍ မြန်မာနှင့်ထိုင်း ပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် နေထိုင်မှုအတွက် အလွန်စိုးရိမ် ပူပန်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအခြေအနေအရ နူကလီးယားစက်ရုံ တည်ဆောက်နိုင်သော နေရာနှစ်ခုကို ဖော်ပြရာတွင် ပဲခူးတိုင်းအလယ်ပိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ်အထူး စီးပွားရေးဇုန်တို့တွင် ဖြစ်ကြောင်း KNU က အသိပေးထားသည်။
KNU တပ်မဟာ ၄ နှင့် စစ်ကောင်စီအကြားစစ်ရေးတင်းမာမှုအခြေအနေများကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများအပေါ် လေးနက်စွာသုံးသပ်ခဲ့ပြီး ထိခိုက်နိုင်ချေများအား လျှော့ချနိုင်မည့် နည်းလမ်းများကို KNU အနေဖြင့် အစွမ်းကုန်စီမံခဲ့ကြောင်းလည်း ဆိုထားသည်။
KNU အနေဖြင့် အတိတ်နှင်ပစ္စုပ္ပန်ကာလအတွင်း ထိုင်းပြည်သူများနှင့် သဟာဇာတဖြစ်စွာ နေထိုင်ခဲ့ကြသကဲ့သို့ နောင်အနာဂတ်အတွင်လည်း လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုတို့ဖြင့် အိမ်နီးချင်းကောင်းပီသစွာ နေထိုင်ရန် အသင့် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် ထာ၀ရငြိမ်းချမ်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေး သဘောထား အပေါ် မိမိတို့ ရပ်တည်ကြောင်း၊ ထိုင်းပြည်သူများထံမှ နားလည်မှုကိုလည်း KNU အနေဖြင့် မျှော်လင့်ကြောင်း ကြေညာထားသည်။
ဓာတ်ပုံ – KNU
ပုံစာ − ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီး ဗျူဟာစခန်းကို KNU ဦးဆောင်သော တော်လှန်ရေးပူးပေါင်း တပ်များက တိုက်ခိုက်သိမ်းပိုက်ထားစဉ်။
#ထီးခီးတိုက်ပွဲ #ထိုင်းမြန်မာနယ်စပ် #ထိုင်းနိုင်ငံသားများ #မစိုးရိမ်ရန် #KNUအသိပေး #Ayeyarwaddy_Times