ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

ငလျင်ဘေးခံစားရသည့် တိုင်းနှင့် ပြည်နယ်ခြောက်ခုရှိ လူမှုဖူလုံရေးအာမခံပေးထားသည့်အလုပ်သမားများကို သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့ရေး အကျိုးခံစားခွင့်အဖြစ် လစာ၏ ၄၀ ရာခိုင်နှုန်း အာမခံကြေးရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်သည်။

နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တို့မှ အာမခံအလုပ်သမားများ (စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအပါအဝင် ကုမ္ပဏီဝန်ထမ်း၊ တစ်သီးပုဂ္ဂလဝန်ထမ်းများ) ပါဝင်ပြီး အာမခံကြေးပေးသွင်းသည့်လစာ၏ ၄၀ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏကိုသတ်မှတ်ချက်အညီထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာမခံအလုပ်သမားသည် လစာ ၃၀၀,၀၀၀(သုံးသိန်း) ကျပ်အတွက် အာမခံကြေး ၁၂၀,၀၀၀(တစ်သိန်းနှစ်သောင်း) ကျပ်ရရှိမည်ဖြစ်ပြီး လစာ ၁၄၄,၀၀၀(တစ်သိန်းလေးသောင်းလေးထောင်)ကျပ် လုပ်ခဝင်ငွေအတွက် ၄၀ ရာခိုင်နှုန်းအာမခံထောက်ပံ့ငွေ ၅၇,၆၀၀(ငါးသောင်းခုနစ်ထောင်ကျော်)ကျပ်ရမည်ဖြစ်ပြီး လစာပေးသွင်းငွေနှုန်းထားအတိုင်း ၄၀ ရာခိုင်နှုန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

“အခုထိတော့ ဘာမှ မသိဘူး။ ရမယ့် ပိုက်ဆံက သောင်းဂဏန်းနဲ့ လျှောက်ရမှာက အဆင့်ဆင့်ကို တကယ်ကောရမှာလား။ ကိုယ့်အပူနဲ့ကိုယ်ပဲမို့ မတောင်းတော့ဘူး။ အလုပ်ကနေ ဦးဆောင်တောင်းပေးရင်တော့ မပြောတတ်ဘူး။ လူမှုဖူလုံရေးအာမခံ က ဘာတွေရလဲဆိုတာလည်း မသိပါဘူး” မန္တလေးရှိ မုန့်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့ အာမခံကြေးရယူရာတွင် ဘေးအန္တရာယ်ကျရောက်ပြီး သုံး လအတွင်းအလုပ်ရှင်မှ တစ်ဆင့် လူမှူဖူလုံရေးနည်းဥပဒေ ၁၃၇ တွင်သတ်မှတ်ထားသော ပုံစံ (၂၅/၂၆) အပါအဝင် လိုအပ်သောအထောက်အထားများဖြင့် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ လျှောက်ထားရမည်ဟု စစ်ကောင်စီ၏ လူမှုဖူလုံရေးအဖွဲ့က ဆိုထားသည်။

ထို့ပြင် နည်းဥပဒေ ပုဒ်မ ၁၃၇ ၌ သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသတွင် ပါဝင်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် အိမ်ထောင်စုစာရင်းမိတ္တူပြရမည်ဖြစ်သည်။

ယင်းသို့ အထောက်အထားများမရရှိနိုင်ပါက သဘာဝဘေးအန္တ ရာယ် အမှန်တကယ်ကြုံတွေ့ရသူဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း၏ ထောက်ခံချက်၊ မိမိပိုင်ဥစ္စာ ပစ္စည်းများ ဆုံးရှုံးသွားကြောင်း ဓာတ်ပုံမှတ်တမ်း သို့မဟုတ် ခိုင်လုံသော အထောက်အထားပါရမည်ဟုပြဌာန်းထားသည်။

ယင်းပြင် သဘာဝဘေးအန္တရာယ်ကြောင့် အာမခံထားသူ၏ ဥစ္စာပစ္စည်းများ ဆုံးရှုံးသွားကြောင်း အလုပ်ရှင် ၏ ထောက်ခံချက် (ပုံစံ-၂၆) ဖြင့်တင်ပြရမည်ဖြစ်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

#လူမှူဖူလှုံကြေး #လစာ၄၀ရာခိုင်နှုန်း #အာမခံကြေးပေးသူများ #ငလျင်ဖြစ်ပွားရာဒေသ #Ayeyarwaddy_Times