ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်

ငလျင်ဒဏ် ခံစားနေရသော မန္တလေးမြို့တွင် ယနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က မိုးသီးများ ကြွေကျသည်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး တစ်နာရီလျှင် ၂၅ မိုင်နှုန်းဖြင့် လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ငလျင်ဒဏ် ခံထားရသည့် အဆောက် အအုံများ ထပ်မံ ပြိုကျခြင်း၊ အိမ်ခေါင်မိုးများ လန်ထွက်ခြင်း၊ ဆိုလာပြားများ လွင့်ထွက်ခြင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင် လူ သုံး ဦးလည်း ဒဏ်ရာရခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

မန္တလေးမြို့၊ ၇၄ လမ်း နှင့် ၃၈ လမ်းထောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုး လွင့်ကျမှုကြောင့် လူ သုံး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မန္တလေးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မန္တလေးမြို့ခံ တစ်ဦးထံမှ သိရသည်။

ယင်းအပြင် ငလျင်ဒဏ်ကြောင့် နေအိမ်များ ပျက်စီးသွားပြီး မြေပြင် ကျယ်ကွင်းပြင်ကြီးများတွင် ယာယီတဲများဖြင့် နေထိုင်နေကြသူများအတွက်လည်း အခက်အခဲများ ပိုမို ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မေ ၁၀ ရက်မှ ၁၅ ရက်နေ့အတွင်း ငလျင်ဘေးဒဏ်သင့် ဒေသများ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မန္တလေးဒေသခံများ၏ လူမှုကွန်ရက်
#ငလျင်ဒေသ #မန္တလေးမြို့ #မိုးသည်းထန်လေပြင်းတိုက် #Ayeyarwaddy_Times