(ချင်းပြည်)၊ ဧရာဝတီတိုမ်း
မေ ၁၀ ရက်

ချင်းပြည်ကောင်စီ(CC) တစ်နှစ်ကြာ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်၊ တွီးတွမ်ကျေးရွာနေ ပြည်သူများသည် စစ်ရေးအခြေနေရ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရှိရသည်။

တွီးတွမ်ကျေးရွာပြည်သူများကို CDF-Tonzang မှ မေ ၈ ရက်နေ့ည ၁၂ နာရီမတိုင်ခင် ကျေးရွာအတွင်းမှ အမြန်ဆုံးတိမ်းရှောင်ကြရန် နှုတ်ဖြင့် သတိပေးပြီးနောက် ရွာသားများသည် ယခုကဲ့သို့ ရွာလုံးကျွတ် တိမ်းရှောင်နေရခြင်းဖြစ်သည်။

“CDF-Tonzang ဘက်က ရဲဘော်တွေ ယူနီဖောင်း၊ သေနတ်၊အပြည့်အစုံတွေနဲ့ လာရောက်ပြီး မေလ ၈ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ရွာကနေ တိမ်းရှောင်ကြဖို့ နှုတ်နဲ့ညွန့်ကြားထားတာပါ။ ဒါကြောင့် ရွာသားတွေကလည်း ရွာထဲမှာ မနေရဲကြတော့ဘဲ အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်” ဟု တွီးတွမ်ကျေးရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တွီးတွမ်ကျေးရွာသည် တွန်းဇံမြို့အဝင်တွင်တည်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် ရွာသားများသည် တွန်းဇံမြို့ပေါ် ရပ်ကွက်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ အသိမိတ်ဆွေ၊ ဆွေမျိုးများထံတွင် နေထိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA သည် CDF-Tonzang နှင့် CC တပ်ပေါင်းစုတို့ကို တွီးတွမ်ကျေးရွာကို အကာကွယ်ယူ၍ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်သည့်အတွက် ရွာသားများ ထိခိုက်သွားမည်ကို မလိုလား၍ စစ်ဘေးရှောင်ခိုင်းခြင်းဖြစ်ကြောင့် CDF-Tonzang က ယမန်နေ့ မေ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါအခြေအနေများကြောင်း CDF-Tonzang နှင့် CCတပ်ပေါင်းစုက တွီးတွမ်ကျေးရွာနေ ပြည်သူများကို ခေတ္တခဏ စစ်ဘေးရှောင်ခိုင်းခြင်းဖြစ်ပြီး ရွာမှ နှင်ထုတ်
ခြင်း၊ မောင်းထုတ်ခြင်းမဟုတ်ကြောင်း သိရသည်။

တွန်းဇံမြို့တွင် ပြီးခဲ့သည့် ဧပြီလ တတိယပတ်အတွင်း CC ပူးပေါင်းတပ် နှင့် ZRA တို့ ပြင်းထန်စွာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တိုက်ပွဲများဖြစ်ပွါးခြင်း မရှိသေးသော်လည်း နှစ်ဖက်စစ်ရေးမှာ တင်းမာနေကြောင်း သိရသည်။

#တွန်းဇံမြို့နယ် #တွီးတွမ်ကျေးရွာပြည်သူများ #စစ်ရေးအခြေအနေ #တိမ်းရှောင်နေရ #Ayeyarwaddy_Times