ဧရာဝတီတိုင်းမ်
မေ ၉ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်း စစ်ကောင်စီက တပ်ဖွဲ့ဝင် ရာနှင့်ချီ၍ ပို့ဆောင်ပြီး စစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မင်းဘူးမှ အင်အား ၁၅၀ ပါ စစ်ယာဉ်တန်း လေးစီး သည် ယမန်နေ့ မေ ၈ရက်နေ့က အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် မစခ-၉၀၅ အတွင်း ခေတ္တဝင်ရောက်ပြီး နတ်ရေကန်ဗျူဟာသို့ ထွက်ခွာလာကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အပြင် ငဖဲမြို့နယ် ကန်တုတ်စစ်ဆေးရေးဂိတ်မှ အင်အား ၁၀၀ခန့်ပါ စစ်ယာဉ်တန်း ငါးစီးသည် မြောက်မြှားကုန်းရွာသို့ ရောက်ရှိနေပြီး ရွာပုလဲလမ်းပေါက်နှင့် ပေ၃၀၀ အကွာ အိုးထိန်းတောင်တွင် ဒရုန်းများဆင်နေကြကာ ကျောက်မီးသွေးတွင်းဘက် ဒရုန်းများလွှတ်တင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၆ရက်နေ့ကလည်း အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ၏ စစ်ယာဉ်တန်း သုံးစီးသည် အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် မစခ ၉၀၅အတွင်း ဝင်ရောက် အင်အားဖြည့်နေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

“မစခ ၉၀၅ရော နတ်ရေကန်ဗျူဟာမှာရော အင်အားတိုးချဲ့ချထားပြီး ဒရုန်းတပ်တွေလည်း ပို့ထားပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အပစ်ရပ်ထားသည့်ကာလတွင် ငြိမ်းချမ်းရေးပျက်ပြားစေနိုင်သည့် အင်အားစုဆောင်း ခြင်း၊ ခံစစ်ပြင်ခြင်းများ မလုပ်ဆောင်ရဟု သတ်မှတ်ထားပြီး ၎င်းတို့ကိုယ်တိုင်က ကတိချိုးဖောက်သည့် လုပ်ရပ်များလုပ်ဆောင်နေခြင်းဖြစ်သည်။

အပစ်ရပ်ထားသည့်ကာလအတွင်း စစ်ရေးတင်းမာနေသည့် နယ်မြေများနှင့် စစ်ဖြစ်ပွားမှုမရှိသည့် နယ်မြေများကို လေ ကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ- အင်တာနက်(ပုံဟောင်း)

#နတ်ရေကန်ဗျူဟာ #မစခ၉၀၅ #ပဒါန်း #စစ်ကောင်စီ #အင်းအားတိုးချဲ့ #Ayeyarwaddy_Times