KNU တပ်မဟာ ၄ နယ်မြေကို အမှုန့်ချေပစ်မည်ဟု ကြိမ်းဝါးခဲ့သည့် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်၏ ထီးခီးဗျူဟာစခန်းသာ အမှုန့်ချေခံခဲ့ရ

ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ မေ ၉ ရက်

တနင်္သာရီတိုင်း၊ ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးခီးဗျူဟာစစ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဧပြီ ၂၈ ရက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယနေ့ မေ ၉ ရက် နံနက် ၉ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း Force For Federal Democracy (FFD) တပ်ဖွဲ့ထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် အင်အား ၁၅၀ ဝန်းကျင်ရှိ တပ်ရင်း ၂၅ မှ တပ်ရင်းမှူး အထိုင်စခန်းဖြစ်သော ထီးခီးဗျူဟာစခန်းကို ထီးထဗျူဟာကုန်း မကျဆုံးမီကတည်းက ဝိုင်းပိတ်ဆို့ထားခဲ့သည်။

ထိုသို့ပိတ်ဆို့၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယနေ့ မေ ၉ ရက် နံနက် ၉ နာရီတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ထီးခီးဗျူဟာ စစ်စခန်းကို ဒီမနက်ပဲ သိမ်းပိုက်လိုက်ပါတယ်။ ထီးခီးစခန်းကို ဒရုန်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အားကောင်းကောင်းနဲ့ အခက်အခဲများစွာ ကြုံတွေ့ပြီးမှ သိမ်းပိုက်နိုင်ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ထီးခီးစခန်းရဲ့ လေးပုံသုံးပုံဟာ ထိုင်းနိုင်ငံထဲကို ရောက်ရှိနေတဲ့ အနေအထားမှာ ရှိပါတယ်။ နယ်စပ်စည်းမျဉ်းပေါ်မှာလည်း တည်ရှိနေတာကြောင့် ထိုင်းနိုင်ငံရဲ့ ဖိအားအချို့ ကျွန်တော်တို့မှာ ရှိခဲ့ပါတယ်။ ကျဆုံးသွားတဲ့ ထီးခီးစစ်ဗျူဟာစခန်းကို အကူအညီပေးတာတွေ၊ ဆီတွေ တင်ပေးတာတွေ ရှိခဲ့သလို ထွက်ပြေးသွားတဲ့ စစ်သားတွေကိုလည်း ပြန်မောင်းတင်တာမျိုးတွေ လုပ်ခဲ့ရတယ်” ဟု FFD တပ်ဖွဲ့မှ ဒုတာဝန်ခံ အောင်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထီးထဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်စဉ်က တနင်္သာရီတိုင်း၏ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်သည် KNU တပ်မဟာ ၄ နယ်မြေကို အမှုန့်ချေပစ် မည်ဟု ကြိမ်းဝါးခဲ့ပြီး လေကြောင်းမှ ရဟတ်ယာဉ် လေးစင်း ဖြင့် စစ်အင်အား ၁၅၀ နှင့် လက်နက်ခဲယမ်း အမြောက်အများကို ထီးခီးဗျူဟာ စစ်စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

“ထီးခီးဗျူဟာ စစ်စခန်း မကျဆုံးစေဖို့ လေကြောင်းကနေ ရဟတ်ယာဉ် လေးစင်းနဲ့ အင်အား ၁၅၀ ခန့် လာချပေးခဲ့ပါတယ်။ ဒါ့အပြင် ၁၂၀ မမ လက်နက်ကြီးတွေလည်း ပါပါတယ်။ အဲဒီလက်နက်ကြီးတွေကို အသုံးမပြုနိုင်အောင် ကျွန်တော်တို့ဘက်က ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ဦးစွာ တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ (စစ်ကောင်စီ) တပ်ကို လာပို့တဲ့ လက်နက်ခဲယမ်းတွေ အသုံးမပြုနိုင်တဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။ နောက်ဆုံးမှာ အမှုန့်ချေသွားတာကတော့ ထီးခီးဗျူဟာ စစ်စခန်းပဲ ဖြစ်ပါတယ်” ဟု FFD တပ်ဖွဲ့မှ ဒုတာဝန်ခံ အောင်အောင်က ဆက်လက် ပြောကြားခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် ထီးခီးဗျူဟာ စစ်စခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က ဒရုန်းများ မလာနိုင်စေရန် အရည်အသွေးကောင်းမွန်သော ရေဒီယိုလှိုင်း နှောက်ယှက်စက် (Jammer) များ တပ်ဆင်ထားသောကြောင့် ဒရုန်းအများအပြား ပျက်စီးဆုံးရှုံးကာ တိုက်ခိုက်ခဲ့ရကြောင်း တော်လှန်ရေးပူးပေါင်းတပ်များထံမှ သိရသည်။

အဆိုပါ ထီးခီးဗျူဟာ စစ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိမှု အပါအဝင် လက်နက်ခဲယမ်း သိမ်းဆည်းရမိမှု အသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း FFD တာဝန်ရှိသူက ပြောကြားခဲ့သည်။

တော်လှန်ရေးတပ်များသည် ထီးထဗျူဟာကုန်းအပြင် ထီးခီးဗျူဟာ စစ်စခန်းကိုပါ ထပ်မံ သိမ်းပိုက်ရရှိခဲ့သောကြောင့် ထားဝယ် – ထီးခီးလမ်းနှင့် ထိုင်း – မြန်မာနယ်စပ် တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်များထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကြောင့် မေ ၇ ရက်နေ့က စစ်ကောင်စီတပ်သား ၄၀ ကျော် သည် လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး ထီးထဗျူဟာကုန်းနှင့် ထိုင်း – မြန်မာနယ်စပ်ရှိ ထီးခီးတပ်စခန်းတို့သည် မိုင်အားဖြင့် ၅ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

အဆိုပါ ထီးခီးဗျူဟာ စစ်စခန်းသိမ်းပိုက်မှုကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ ၄ ၏ စစ်ရေးဦး ဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုများ၊ FFD ချေမှုန်းရေးနှင့် ဒရုန်းတပ်ဖွဲ့၊ KNLA (သဝခ) ဒရုန်းအဖွဲ့၊ တပ်မဟာ ၄ ဒရုန်းအဖွဲ့နှင့် TPLF ဒရုန်းအဖွဲ့တို့မှ ပါဝင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ: FFD
ပုံစာ: ထီးခီးဗျူဟာ စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နေစဉ်။
#ထိုင်းမြန်မာနယ်စပ် #ထီးခီးဗျူဟာစခန်း #တော်လှန်ရေးတပ်များ #သိမ်းပိုက် #Ayeyarwaddy_Times