
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေလ ၉ ရက်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ပုလောမြို့နယ် ၊တောင်ယာကမ်းကျေးရွာ ရှိ ပုလောမြို့မရဲစခန်း ကိုပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ်အပါဝင် နှစ် ဦး သေဆုံးကာ ခြောက် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။
ပုလောမြို့မရဲစခန်း မှ ဒုရဲအုပ် နှင့် ရဲတပ်သားတို့သည် တောင်ယာ ကမ်းကျေးရွာ အနီးသို့ ဂိတ်ချရန် ထွက်လာစဥ် ယနေ့ မေ ၉ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် နေဇော်အောင် နှင့် ရဲတပ်သား ရဲထက်ပိုင်တို့ သေဆုံးသွားကြောင်း သိရသည်။
“ဒုရဲအုပ် နဲ့ ရဲတပ်သား တို့ နှစ်ဦးက လမ်းမှာဂိတ်ချဖို့ ပုံစံနဲ့ ရဲစခန်းကနေထွက်လာကြတာ။ အဲ့ဒါကိုပစ်တာပေါ့။ ဒုရဲအုပ်ကတော့နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ အဲ့ဒီအချိန်မှာ ရဲတပ်သားက ရဲစခန်းထဲဝင်ပြေးတာကို ထပ်ပစ်တာ သူလည်းသေသွားတယ်။ ပြီးတာနဲ့ ရဲစခန်းထဲကကောင်တွေ ထွက်လာပြီးထပ်ပစ်ကြတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် – ၁ တပ်ရင်း မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အာနိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ဒုရဲအုပ်အပါဝင် နှစ်ဦးသေဆုံးက.ခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်း တို့ထံမှ G3 ရိုင်ဖယ် ၁ လက် ၊ ကျည် ၂၀၀ တောင့်၊ ကျည်ဘောက် ၂ ခု ၊ လက်ကိုင် ဖုန်း ၂ လုံး ၊ ရာထူးတံဆိပ် တစ်စုံ ၊ဆားဗစ် ဘားတန်း တို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။
အထိနာသွားသော စစ်ကောင်စီတပ်သည် ခလရ – ၂၈၅ တပ်ရင်း မှ စပူပြင်ကျေးရွာဘက်သို့ လက်နက်ကြီး နှင့် ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ဒေသခံ ၅ ဦးကိုလည်းဖမ်းဆီးသွာကြောင်း ဒေသခံများ ထံမှသိရသည်။
“တော်လှန်ရေး တပ်တွေလာတာ သူတို့ (စစ်ကောင်စီ) တပ်ကို သတင်းမပေးဘူးဆိုပြီးဖမ်းသွားတယ်။ အောက်ပေါင်း ရွာ သား ငါးဦး ပါသွားတယ်။ အခုညနေပိုင်းအထိပြန်လွတ်မလာသေးဘူး” ဟု အောက်ပေါင်းကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် – ၁ တပ်ရင်း မှပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး အထိအခိုက်မရှိဆုတ်ခွာလာနိုင်ကြောင်းသိရသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် – ၁ တပ်ရင်း
ပုံစာ – သိမ်းဆည်းရရှိမိသော လက်နက်ခဲယမ်း နှင့်မြိတ်ခရိုင် အမှတ် – ၁ တပ်ရင်း မှ ရဲဘော်များ။
#ပုလောမြို့မရဲစခန်း #တိုက်ခိုက်ခံရ #ဒုရဲအုပ် #၂ဦးသေဆုံး #၆ဦးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times