
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုကိုဖယ်ရှားနေဆဲဖြစ်သော ဒေသများထံ ပြည်တွင်း၊ ပြည်ပခရီးသွား များအနေဖြင့် ငလျင်ကြောင့်ပျက်စီးဆုံးရှုံးများကိုလေ့လာရန်အတွက် ခရီးထွက် သင့်ကြောင်း ယနေ့ မေ ၉ ရက်နေ့တွင် စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြင်ပခရီးသွားများဖြစ်သော ကမ္ဘာ့လှည့်ခရီးသွား ( tourist visa )အတွက် ဆိုက်ရောက်ဗီဇာပိတ်ကို ဧပြီ ၃ ရက်နေ့မှစကာ ယနေ့အချိန်ထိ စစ်ကောင်စီပိတ်ထားဆဲဖြစ်သည်။
ငလျင်ဘေးသင့်ရာဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် တို့ထံသွားရောက်လည်ပတ်သင့်ပြီး ငလျင်ဘေးအန္တရာယ်အကြောင်း ဗဟုသုတရစေပြီး ဒေသတွင်း အလုပ်အကိုင်များနှင့် ဝင်ငွေတိုးပွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။
လက်ရှိတွင် ဟိုတယ်၊ တည်ခိုခန်းအပါအဝင်လူနေအဆောက်အအုံများ၊ စေတီပုထိုးများ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များပျက်စီးနေပြီး အဆောက်အအုံများ ပြိုကျပျက်စီးနေမှုကို ဖယ်ရှား ရှင်းလင်းခြင်းများ လုပ်ဆောင်နေဆဲဖြစ်သော်လည်း ခရီးသွားလည်ပတ်ရန် စစ်ကောင်စီက ဆိုသည်။
” မန္တလေးလာလည်မယ်ဆိုရင်တောင် တည်းစရာနေရာမရှိဘူး။ ငလျင်မထိတဲ့ဟိုတယ်တွေရှိပေမယ့် တည်းရဲမယ်မထင်ဘူး။ မြို့ခံတွေတောင် နေ့တိုင်ငလျင်လှုပ်နေလို့ ကြောက်နေသေးတာ။ ခရီးသွား အလည်လာဖို့မဖြစ်နိုင်သေးဘူး။ ဘာမှအဆင်သင့်မဖြစ်သေးဘူး” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တွင် ငလျင်ဒဏ်သင့်သည့် အဆောက်အအုံများကို ဖြိုချနေဆဲဖြစ်ပြီး စီးပွားရေး ပြန်လည်ပတ်နိုင်ရန် အချိန်ကြာမည် ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။
ခရီးသွားများရာငလျင်ဒဏ်သင့် အင်းလေးဒေသများပြိုကိနေအိမ်များပြန်ဆောက်နိုင်ရန်ပြင်ဆင်နေ ဆဲဖြစ်ပြီး ရှေးဟောင်းယာဉ်ကျေးမှုအမွေအနှစ်များရှိရာ စစ်ကိုင်း၊ အင်းဝ၊ အမရပူရဒေသများတွင် ပျက်စီးစာရင်းလေ့လာနေဆဲဖြစ်ကြောင်းသိရသည်။
ပြည်တွင်း၊ပြည်ပခရီးသွားများအနေဖြင့် ငလျင်ဘေးသင့်ရာဒေသများနှင့် မြန်မာနိုင်ငံ၏ခရီးစဉ် ဒေသများအပါအဝင် ခရီးသွားများဆွဲဆောင်ရာဒေသများထံ သွားရောက်လည်ပတ်နိုင်ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။
မန္တလေးမြို့ရှိ sky villa ကွန်ဒိုသည် ငလျင်ဒဏ်ကြောင့် မြေအောက်ကျွံဝင်ကာ အလွှာလိုက်ပြိုကျရာ၌ တစ်လကျော်ကြာသည့် အထိ သေဆုံးရုပ်အလောင်းများထုတ်ယူနေရဆဲဖြစ်သည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းထန်ငလျင် နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃၇၉၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ပျောက်ဆုံးသူ ၈၆ ဦးရှိကြောင်း စစ်ကောင်စီက ဖော်ပြထားသည့် မေ ၈လရက်နေ့အထိ စာရင်းများအရသိရသည်။
ငလျင်ကြီးလှုပ်ခတ်ပြီးပါက နောက်ထပ် ငလျင်ငယ်များသည် သုံးလမှ ခြောက်လအတွင်းထိ ဆက်တိုက် လှုပ်ခတ်နိုင်ကြောင်း ငလျင်ပညာရှင်များက အသိပေးပြောကြားထားသော်လည်း စစ်ကောင်စီကမူ ပြည်တွင်း၊ပြည်ပြပ ခရီးသွားများ ငလျင်ဘေးသင့်ဒေသများထံ ခရီးထွက်ရန် အကြံပြုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – ဧပြီလ နောက်ဆုံးပတ်က ရိုက်ကူးထားသည့်ငလျင်ဘေးသင့်မန္တလေးမြို့ပတ်ဝန်းကျင်။
#ငလျင်ဘေးသင့်ဒေသ #ခရီးထွက်ရန်စစ်ကောင်စီဆို #အဆောက်အအုံများ #ရှင်းလင်းနေဆဲ #Ayeyarwaddy_Times