
ဧရာဝတီတိုင်းမ်
မေ ၉ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ပြည်သူများကို ဆက်ကြေးကောက်နေသည့် မြောင်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် လေး ဦးသေဆုံးပြီး သေနတ်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၅ ရက်နေ့တွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦးမှာ နေရာတွင် လဲကျသေဆုံးပြီး စစ်ဗိုလ် အရာရှိဆိုသူမှာ ဒဏ်ရာဖြင့် သယ်ဆောင်သွားစဉ် စခန်းမရောက်ခင်တွင်ပင် သေဆုံးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ထံမှသိရသည်။
“လုပ်တာက ၅ ရက်နေ့ကပါ။ ချက်ချင်းသတင်းမထုတ်တာက ချောင်းဦးနဲ့ မြင်းမူလမ်းပေါ်မှာ ရောက်နေတဲ့ အင်အားတွေ ဒီဘက်စုပုံဝင်လာမှာစိုးလို့ ဒီနေ့မှထုတ်လိုက်တာ။ လိုက်လံပစ်ခတ်ခဲ့ရာမှာ စစ်သားသုံးကောင် နေရာတင် လဲကျသေပါတယ်။ စစ်ဗိုလ်တစ်ကောင်ကတော့ ဒဏ်ရာနဲ့ နောက်မှ ထပ်သေတာပါ။ သေနတ်သုံးလက် ရခဲ့ပါတယ်”ဟု CDSOM တပ်ဖွဲ့ခေါင်းဆောင် ကိုနွေဦး(မြောင်)က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် မြောင်ရဲစခန်းထဲတွင် ကတုတ်ကျင်း၊ ဘန်ကာများအထပ်ထပ် တည်ဆောက်၍ ပုန်းခိုနေပြီး အနီးဝန်းကျင်ရှိ ပြည်သူများထံမှ ဆက်ကြေးကောက် ငွေညှစ်ဖိနှိပ်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို CDSOM (ဗိုလ်စင်္ကြာ)၊MRF စားဖို(စစ် ကြောင်း)၊ နယ်မြေခံပကဖ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ-ကိုနွေဦး(မြောင်)
#စစ်ကိုင်း #မြောင်ရဲစခန်း #စစ်ကောင်စီတပ် #စစ်ဗိုလ် #၄ဦးသေဆုံး #CDSOM #Ayeyarwaddy_Times