
ဧရာဝတီတိုင်းမ်
(ကျွန်းစု)၊ မေ ၈ ရက်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အပိုင် ကျွန်းစုနှင့်တနင်္သာရီ မြို့နယ်အစပ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းကိုတော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ လေကြောင်းရန် ကာကွယ်ရေး တပ်မှ ဗိုလ်မှူးအပါဝင် စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံး ပြီး ကိုး ဦးအပြင်းအထန် ဒဏ်ရာရရှိကြောင်း တနင်္သာရီ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် ကျွန်းစုနှင့်တနင်္သာရီ မြို့နယ်အစပ်ရှိ ဝါရစ်ရွာတွင် အခြေစိုက် ထားသည့် အင်အား ၆၀ ခန့်ရှိသောဝါရစ်ပိန်းတောပြင် စစ်ကောင်စီတပ်စခန်း ကို မေလ ၆ ရက် နံနက် ၅ နာရီ ၅၅ မိနစ်ခန့်တွင်ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ဝါးရစ်ပိန်းတောပြင် ရှေ့တန်းစစ်စခန်းသည် ဘန်ကာများ၊ ဗုံးခိုကျင်းများ၊ ကတုတ်များဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စခန်းတစ်ခုဖြစ်ပြီး နှစ်နာရီ ကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးမြင့်ဝင်း အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ထိခိုက် သေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။
“အဲဒီတိုက်ပွဲ မှာ လေကြောင်းရန်ကာကွယ်ရေးတပ်မှဗိုလ်မှူး မြင့်ဝင်း အပါ ဝင် ၂၀ ဦးသေတာကိုအတည်ပြုနိုင်တယ်။ ဗိုလ်မှူးနာရေးကိုတော့ ကန်ဖျားရပ်ကွက် ၊ရဲသိပ္ပံလမ်းမှာလုပ်နေတယ်။ တော်တော် ဆိုးတဲ့ ဗိုလ်မှူးတော့သေသွားပြီ” ဟု တနင်္သာရီမြို့နယ် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ) မှ တာဝန်ရှိသူ တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
တော်လှန်ရေး ပူးပေါင်း တပ်များ နှင့် စစ်ကောင်စီတပ်များအကြား အပြင်းအထန် ပစ်ခတ်မှုများဖြစ်ပွား နေစဥ် စစ်ကောင်စီ ဘက် မှ လေယာဥ် နှစ်စီး ဖြင့် လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက် မှု များပြုလုပ်ခဲ့ ပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“လေကြောင်းက နေ ဗုံး နဲ့ ၇ ကြိမ် တိတိကြဲချတယ်။ဂျက်ဖိုက်တာကတစ်စီး ။စစ်ရဟတ်ယာဥ် ကတစ်စီးပါ။ ပြီးတော့ စက်သေနတ် နဲ့ ပါလေယာဥ်ပေါ်က ပစ်သွားသေးတယ်။ ရေတပ်စစ်သင်္ဘောပေါ် ကလည်း လက်နက်ကြီး ၊လက်နက်ငယ် တွေ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်။ထိခိုက်မှုတော့မရှိဘူး”ဟု တနင်္သာရီမြို့နယ်(ပကဖ)မှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီသည် ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကို လက်လွှတ်ဆုံးရှုံးမခံရဆရေးအတွက် လေကြောင်း ၊ရေကြောင်းမှ နေပြီး အပြင်းအထန် ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် စစ်ကောင်စီတပ်များ မှ စွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။
“အဲ့ဒီစခန်းကသူတို့ ထိန်းချုပ်နယ်မြေထဲမှာ စခန်းသိမ်းခါနီးမှ စစ်ကူတွေရောက်လာလို့ ဆုတ် လိုက်ရတယ်။ လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဝါရစ်ရွာထဲမှာအင်အားတွေထပ်စုပြီး နေကြတယ်” ဟု တနင်္သာရီမြို့နယ်(ပကဖ) တာဝန်ရှိသူက ဆိုသည်။
အထိနာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ မေလ ၈ ရက် နံနက် ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဇဝဲရွာအခြေစိုက် ခလရ – ၅၆၆ တပ်ရင်းမှ လက်နက်ကြီးဖြင့် လှမ်းပစ်သော ကြောင့် ရမ်ဖိုရွာရှိ နေအိမ်အချို့လက်နက်ကြီးကျည်ထိ၍ မီးလောင်ခဲ့ပြီး ခလေး နှစ် ဦးလည်းထိခိုက် ဒဏ်ရာရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲ ဖြစ်ပွားတာမရှိပဲနဲ့ ရွာတွေထဲကို ဒီကနေ့ လက်နက်ကြီးနဲ့ထုနေတာ လေးလုံးရှိပြီ။ နေအိမ်အချို့မီးလောင်တယ်။ ခလေးနှစ်ဦး လည်းလက်နက်ကြီးကျည်စထိမှန်ပြီးဒဏ်ရာရထားတယ်”ဟု ရမ်ဖိုရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းအပြင် ဝါရစ်ရွာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီကနေ့ မေလ ၈ ရက်နေ့မှာတော့ အင်အားအလုံးအရင်းဖြင့် လယ်သစ်ကျေးရွာဘက်သို့ ဦးတည်ပြီးစစ်ကြောင်း ထိုးလာနေ သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိကြောင်း တော် လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ) ၊မြိတ်ခရိုင် တပ်ရင်း(၂) ၊ကျွန်းစု -ပကဖ ၊တိုင်းပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ ၊ တနင်္သာရီ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ
#တနင်္သာရီ #ကျွန်းစု #ဝါရစ်ပိန်းတောပြင် #ရှေ့တန်းစခန်းတိုက်ပွဲ #လေကြောင်းရန်ကာကွယ်ရေးတပ် #ဗိုလ်မှူးသေဆုံး #Ayeyarwaddy_Times