
ဧရာဝတီတိုင်းမ်
မေ ၈ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့ကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Liberation Army-MLA) တပ်ဖွဲ့က ထုတ်ပြန်သည်။
ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးသို့ ပြီးခဲ့သည့် ဧပြီ ၃၀ ရက် နံနက် ၇ နာရီခန့်တွင် အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ခမရ ၄၃၂ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းထက် အပါအဝင် ၃၀ ဦးခန့် သေဆုံးကာ စစ်ကြောင်း ပျက်၍ နောက်ဆုတ်သွားကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် တနင်္သာရီတိုင်း ကမ်းရိုးတန်း စစ်ဌာနချုပ် လက်အောက်ခံတပ်များ၊ တပ်မ (၂၂) နှင့် တပ်မ (၄၄) တို့၏ လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ ၂၀၈ (ကျိုက်မရော)၊ ခမရ ၁၀၂ (မုတ္တမ) နှင့် ခမရ ၄၃၂ (ဘုတ်ပြင်း) တို့မှ ပူးပေါင်း ဖွဲ့စည်းထားသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့ နေထိုင်ရာ ဒေသအနီးအနားရှိ စစ်ရေးသတင်းများကို အစဉ်နားစွင့်၍ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေယာဉ် အန္တရာယ်မှ ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်ထားပြီး လုံခြုံသော နေရာများ၌သာ နေထိုင်ကြရန် MLA က အသိပေး တိုက်တွန်းထားသည်
အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) အပြင် မွန်ပြည်သစ်ပါတီ (ခွဲထွက်) (NMSP-AD)၊ ပျံလွှားစစ်ကြောင်း၊ Lion Battalion စစ်ကြောင်း အစရှိသော KNLA ဦးဆောင်သည့် အခြား ပူးပေါင်းတပ်များက တိုက်ခိုက် ချေမှုန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်
ဓာတ်ပုံ-မွန်ပြည်လွတ်မြောက်ရေးတပ်တော်
#ကရင် #ကော့ကရိတ် #ကျုံဒိုး #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #ဒုတပ်ရင်းမှူး #တပ်သား #၃၀သေဆုံး #Ayeyarwaddy_Times