
ဧရာဝတီတိုင်းမ်
မေ ၈ ရက်
စစ်ကောင်စီသည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက် ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးကြောင်း သိရသည်။
တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာသည် ယမန်နေ့ မေ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က ရေထွက်ရွာကို ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ရေထွက်ရွာလယ် လမ်းဆုံနေရာကို ဗုံးကြဲချခဲ့တာ။ အမျိုးသားတစ်ဦးသေတယ်။ ဒဏ်ရာ ပြင်းထန် တယ်။ အမျိုးသား ခုနစ် ဦး အမျိုးသမီး သုံး ဦး စုစုပေါင်း ၁၀ ဦးထိခိုက်တာမှာ တစ်ဦး သေဆုံးတယ်။ နေအိမ် ငါး လုံးလည်း ပျက်စီးသွားတယ်” ဟု သပိတ်ကျင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ရေထွက်ရွာကို လေကြောင်းမှဗုံးနှစ်ကြိမ်ဗုံးကြဲချခဲ့ပြီးနောက် ရွာချင်းထိစပ်နေသည့် မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ လိပ်ကျရွာကိုပါ ဗုံးကြဲချခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ငလျင်ကြောင့် ယာယီအပစ်ရပ်ထားသည့် ဧပြီ ၁၉ ရက်ကလည်း အဆိုပါရေထွက် ရွာရှိ လူစည်ကားရာ ဈေးတန်းကို လေကြောင်းမှဗုံးကြဲ ခဲ့ရာ လသားကလေးငယ်များအပါအဝင် ပြည်သူ ၄၀ ကျော်သေဆုံးပြီး အသားစများကို ရက်အတန်ကြာသည်အထိ ရှာဖွေကောက်ယူခဲ့ကြရသည်။
စစ်ကောင်စီသည် ရေထွက်ရွာကို ဧပြီ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ယခု မေလ ၇ ရက်နေ့တွင် ထပ်မံဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လိပ်ကျရွာကိုလည်း ဧပြီ ၁၆ ရက်နေ့တွင် ဗုံးကြဲချခဲ့ပြီးနောက် ဧပြီ ၁၈ ရက်နေ့တွင် ပြည်သူများ စုဝေးစည်ကားရာ ဈေးတန်းကို ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ သေဆုံးခဲ့သည်။
ယင်းတိုက်ခိုက်မှုများသည် စစ်ကိုင်းငလျင်ကြီးဖြစ် ပွားပြီးနောက် တော်လှန်အဖွဲ့အစည်းအသီးသီးမှ အပစ်ရပ်စဲကြောင်းစာများ ထုတ်ပြန်ခဲ့ကြပြီး စစ်ကောင် စီတပ်ကလည်း အပစ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် လေကြောင်းမှနေ့စဉ်ဆက်တိုက် ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပုံစာ-စစ်ကောင်စီက ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် သပိတ်ကျင်း ရေထွက်ရွာ။
#အပစ်ရပ် #သက်တမ်းတိုး #စစ်ကောင်စီ #မန္တလေး #သပိတ်ကျင်း #ရေထွက်ရွာ #လိပ်ကျရွာ #လေ ကြောင်း #ဗုံးကြဲ #တိုက်ခိုက် #Ayeyarwaddy_Times