ဧရာဝတီတိုင်းမ်
မေ ၈ ရက်

စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ကာကင်းအချို့သိမ်းဆည်းခံထားရကြောင်း သိရသည်။

AA သည် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကို ပြီးခဲ့သည့် မေ ၁ရက်နေ့ကတည်းက သိမ်းယူခဲ့ပြီးနောက် မင်းတပ်တောင်မှ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးထွက်လာသည့်အတွက် ထပ်မံ ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ စစ်ကြောင်းလိုက် တပ်ဆုတ်ပြေးရကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။

“ကျောက်ဖြူ၊ ရမ်းဗြဲကားလမ်းပေါ်က မင်းတပ်တောင်အထိုင်စခန်းမှာ တိုက်ပွဲပြင်းထန်နေတယ်။ ၆ရက်နေ့မှာ စစ်တပ်က ဒရုန်းဗုံးကြဲလို့ အချွန်းနဲ့ သပြုတောင် မီးလောင်တာတွေရှိတယ်” ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ရဲတပ်ရင်း ၃၂ အနီးဝန်းကျင်ကိုလည်း AAက ပိတ်ဆို့စောင့်ကြည့်မှုများပြုလုပ်ထားပြီး စစ်ကောင်စီသည် ဂုံးချွိန်တိုက်နယ်အတွင်းသို့ မကြာခဏ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ ရေတပ်မှနေ၍ ရဲတပ်ရင်းအနီးနှင့် လိပ်ခမော်၊ မင်းတပ်တောင်ဝန်းကျင်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီး ဒရုန်းဗုံးများဖြင့်ပါ ကြဲချတိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီသည် စစ်ခေါင်းဆောင်ပြည်ပခရီးစဉ်မတိုင်ခင် အပစ်အခတ်ရပ်စဲရေး ဟန်ပြသက်တမ်းတိုးသွားသော်လည်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကို စစ်ရေးတင်းမာသည့်နယ်မြေများတွင် ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

#ကျောက်ဖြူ #စစ်ကောင်စီ #ကာကင်း #အသိမ်းခံရ #တပ်ဆုတ်ပြေး #Ayeyarwaddy_Times