
ဧရာဝတီတိုင်းမ်
မေ ၈ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်ခဲ့သည့် ဗန်းမော်တိုက်ပွဲသည် အပြင်းထန်ဆုံးအခြေအနေသို့ရောက်ရှိနေပြီး စစ်ကောင်စီသည် လေကြောင်းမှ အဓိကထား တိုက်ခိုက်နေကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ပိတ်ဆို့မှုကို ခံထားရသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေ ၅ရက်နေ့က ရဟတ်ယာဉ် သုံးစင်းဖြင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ -၂၁ အတွင်းသို့ စစ်ကူ အင်အားများ ပို့ခဲ့ကြောင်း သိရသည်။
“ရဟတ်ယာဉ် ၃ စင်းနဲ့ ပို့တဲ့စစ်ကူကြောင့်နဲ့တော့ တိုက်ပွဲတစ်ပွဲဟာ သိသိသာသာပြောင်းလဲမှု မဖြစ် ပေမယ့် စစ်ကူပို့ခွင့်လမ်းကြောင်းပွင့်သွားတဲ့အတွက် စစ်တပ်ဘက်က အားတက်သွားနိုင်ပါတယ်” ဟု CDMဗိုလ်ကြီး ဇင်ယော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ဗန်းမော်တိုက်ပွဲကို “မင်းခေါင်စစ်ဆင်ရေး” ဟု အမည်ပေးကာ လေကြောင်းပစ်ခတ် မှုနှင့် ဒရုန်းဗုံးသုံး၍ အဓိကထားတိုက်ခိုက်လျက်ရှိပြီး စကခမှူးသည် ဌာနချုပ်ရုံးအတွင်း အခြေပြုခံစစ်ဆင်၍ ပြန်လည်တိုက်နေကြောင်း သိရသည်။
ခဲယမ်း လက်နက်တိုက်ကိုလည်း နှစ်နေရာခွဲသိုလှောင်သိမ်းဆည်းထားပြီး ဌာနချုပ်ရုံးအတွင်းတွင်လည်း အရန် ခဲယမ်းများ ကြိုတင်စုဆောင်း သိုလှောင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည် ပြုသည်။
ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီ၏ စကခ ၂၁နှင့် ခလရ ၄၇တို့ကို ဗဟိုပြု တိုက်ခိုက်နေခြင်းဖြစ်ပြီး စကခ ၂၁နှင့် ပတ်လည် မိုင် ၂၀ ဝန်းကျင်အတွင်းရှိ စစ်ကောင်စီတပ်ရင်း ၊တပ်စခန်းများကို KIA က ပိတ်ဆို့တိုက်ခိုက်နေခြင်း ဖြစ်သည်။
ပုံစာ-KIAတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ဗန်းမော် #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #လေကြောင်းသုံး #စစ်ကူပို့ #Ayeyarwaddy_Times