ဧရာဝတီတိုင်းမ်
မေ ၇ ရက်

နေပြည်တော်တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ အမြောက်အမြားရှိနေပြီး ယနေ့အထိ အဆိုပါ အဆောက်အဦများကို ဖယ်ရှားရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း ဝန်ထမ်းအချို့ထံမှ သိရသည်။

ငလျင်ဒဏ် ခံခဲ့ရသော အဆောက်အဦများအနက် စည်ပင်ဝန်ထမ်းအိမ်ရာတစ်ခုကို အဆောက်အဦ ကြံ့ခိုင်ရေး စစ်ဆေးရာတွင် တရုတ်နှင့် မြန်မာ အင်ဂျင်နီယာများ၏ သတ်မှတ်ချက်များမှာ ကွဲလွဲနေကြောင်း သိရသည်။

“မြန်မာအဖွဲ့က အဝါရောင်အဆင့် လူနေထိုင်လို့ရတယ်ဆိုပြီးပြောတယ်။ တရုတ်အဖွဲ့ စစ်တာကျတော့ အနီရောင်အဆင့် လူနေထိုင်ဖို့ မသင့်တော်ဘူး၊ နေထိုင်လို့မရဘူးဆိုပြီး နှစ်ဖွဲ့ကွဲနေတာ”ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရုံးဌာနများကိုလည်း အပျက်အစီးများနှင့် ကင်းလွတ်သော နေရာအချို့၌ နိုင်ငံတကာမှ လှူဒါန်းသည့် ယာယီတဲများဖြင့် ဖွင့်လှစ်ထားရပြီး ဝန်ကြီးဌာနရုံးများအားလုံးကို ယခုလကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီက ပြောဆိုထားသည်။

“ဝန်ထမ်းအိမ်ရာ ထိခိုက်မှုတွေကို စစ်တပ်ကစိတ်ကိုမဝင်စားဘူး။ အဓိကသူတို့က ရုံးတက်ဖို့ အလုပ်တက်ဖို့ပဲ။ စစ်တပ်ထဲမှာပြောသလိုပေါ့ ပျက်တာစီးတာတွေမသိဘူး။ နိုင်ငံဝန်ထမ်းပဲ၊ အလုပ်ပိတ်ရက်သာရှိသည် ရုံးပိတ် ရက်ဆိုတာမရှိဘူးဆိုသလိုပဲ။ အဲဒီလိုမျိုး စစ်သားတွေကိုခိုင်းသလိုမျိုး ခိုင်းချင်တာ။ ဒီကူညီကယ်ဆယ်ရေးကိစ္စတွေက နိုင်ငံတကာနဲ့ ပရဟိတအဖွဲ့တွေ ဘော်လန်ဒီယာတွေရဲ့အလုပ် သူတို့(စကစ)အလုပ်မဟုတ်ဘူး။ သူတို့(စကစ) အလုပ်က စစ်ရေးစစ်ရာပဲ။ ငလျင်ကြောင့် သူတို့တိုက်စစ်ပျက်သွားလို့မရဘူး။ ငလျင်ကိုအခွင့်ကောင်းယူပြီး တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်လာမှာကို သူတို့(စကစ)စိုးရိမ်နေတာ။ သူတို့(စကစ) စစ်ရေးရည်မှန်းချက်တွေ ပျက်မသွားအောင်ဘဲ လုပ်နေတာ။ ခါတိုင်းဆိုရင် သူတို့(စကစ)ဟန်ပြတွေဘာတွေ လုပ်တာရှိပါတယ်။ ခုကဟန်ပြတောင်မလုပ်နိုင်တော့တာပါ”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေတွင် ဝန်ထမ်းအိမ်ရာ ၄၀၀၀ ကျော်ရှိသည့်အနက် အင်အားပြင်း ငလျင်ကြောင့် ထက်ဝက်ခန့် ပျက်စီးသွားပြီး ကျန်ရှိသော အဆောက်အဦများမှာလည်း လူနေထိုင်ရန် အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေကြောင်း သိရသည်။

အဆိုပါ အဆောက်အဦများတွင် အရပ်ဘက်ဝန်ထမ်းများကို ပြန်လည် နေထိုင်စေလျက်ရှိပြီး ဆိုးရွားစွာ ပျက်စီးသွားသော အဆောက်အဦများမှ မူလနေထိုင်သူများအတွက် သင့်လျော်သော နေရာထိုင်ခင်းများ စီစဉ်ပေးထားခြင်း မရှိကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်း ၁၃၅ ခု ဖွင့်လှစ်ထားပြီး အဆိုပါ နေရာများတွင် ပြောင်းရွှေ့နေထိုင်သူ ၄၈၆၅၆ ဦး၊ မိမိအစီအစဉ်ဖြင့် ပြောင်းရွှေ့နေထိုင်သူ ၁၅၉၂၃၉ ဦးနှင့် ငလျင်ဒဏ်သင့် နေအိမ်များတွင် ဆက်လက်နေထိုင်နေသူ ၄၂၁၃၁၁ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ ကျေးလက်ဦးစီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို တစ်ရက်ခြားစီ ရုံးတက်ခိုင်းနေပြီး အလှည့်ကျ ရုံးတက်နေရသည့် ဝန်ကြီးဌာနများလည်းရှိကြောင်း သိရသည်။

ပုံစာ-ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသည့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများကိုတွေ့ရစဉ်။
#နေပြည်တော် #ငလျင် #ပြိုကျအဆောက်အဦ #ဝန်ထမ်းအိမ်ရာ #မြန်မာ #တရုတ် #အင်ဂျင်နီယာစစ်ဆေးချက် #အရောင်ကွဲပြား #Ayeyarwaddy_Times