ဧရာဝတီတိုင်းမ်
မေ ၈ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကို စစ်ကောင်စီက ၂ရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များနှင့် စပါးကျီများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မေ ၆ရက်နေ့နှင့် မေ ၇ရက်နေ့တို့တွင် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီး၊ ကျောက်စရစ်ကုန်း၊ ဝါးတောကွင်းကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက အဆိုပါကျေးရွာများကို ညပိုင်းတွင်
လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အတွက် နေအိမ် အလုံး ၃၀ကျော်မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်မှုရှိကြောင်း သိရသည်။

“ည ၉နာရီနဲ့ ၁၀နာရီကျော်တွေမှာ လေယာဉ်နဲ့ဗုံးလာကြဲတာ။ AAတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေရှိတယ်ဆိုပြီး လာကြဲကြတာ။ အများစုက စပါးတွေသိုလှောင်ထားတာရှိတော့ အကုန်လောင်ကုန်တယ်” ဟု လေးမျက်နှာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက လေကြောင်းမှနေ၍ ဂျက်ဖိုက်တာ၊ Y-12 တို့အပြင် စက်တပ်လေထီးနှင့် ဒရုန်းများပါသုံး၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မေ ၇ရက်နေ့ကလည်း ကွင်းကောက်ဒေသ ကပျိုတောင်နှင့် ရေကြည်မြို့နယ် အမြောက်တပ် ၃၄၄ တို့မှ လက်နက် ကြီးများဖြင့် ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက အိုင်သပြုကျေးရွာတစ်ဖက်ကမ်း ခြောက်ဆယ် ဆိပ်ကမ်းဘက်တွင် ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့ဝင်များက ကူးတို့ဆိပ်ကို ပိတ်ပြီး သယ်ယူလာသမျှ စားနပ်ရိက္ခာများကို သိမ်းယူနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ပန်းတောကြီးလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး ဒေသခံများထံမှ ပစ္စည်းသိမ်း၊ ငွေတောင်းခံမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

#လေးမျက်နှာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #နေအိမ်ပျက်စီး #လူထိခိုက် #Ayeyarwaddy_Times