
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၇ ရက်
တနင်္သာရီ တိုင်း ၊မြိတ်ခရိုင် ၊ပုလောမြို့နယ်တွင် လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီး ခေါင်းဆောင် သုံးဦးကို အရက်ဆိုင်တစ်ဆိုင်တွင် သွားရောက်ပစ်ခတ်ရာ သုံးဦးစလုံးသေဆုံးသွား ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် – ၁ တပ်ရင်းထံမှသိရသည်။
လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးခေါင်းဆောင် သုံးဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းပေးနေသူများဖြစ်ပြီး မေ ၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ပုလောမြို့ ၊အမှတ် (၂) ရပ်ကွက် ကိုဆန်းဝင်း အရက်ဆိုင်တွင် ဝိုင်းဖွဲ့၍ ထိုင်သောက်နေစဥ် သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
သေဆုံးသူများသည် ပုလောကုန်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ဦးကုလားနီ အသက်( ၆၀) နှစ် ၊ ပလ မြို့ ပျူစောထီးခေါင်းဆောင် ဦးကျော်သူရ အသက် (၅၂) နှင့် ပုလောမြို့ အမှတ် (၂) ရပ်ကွက်ရှိ ပျူစောထီး ဦးသန်းနိုင် အသက် (၅၀) နှစ်တို့ဖြစ်ကြောင်းသိရသည်။
“သူတို့ ကရွာ မှာ အရမ်းဆိုးတဲ့ကောင်တွေ။ စစ်ကောင်စီရဲ့ ဒေါက်တိုင်အကြီးစားတွေပေါ့။ ရွာက ဒေသခံပြည်သူနဲ့ လူငယ်တွေကိုနည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ငွေညှစ်တယ်။ စစ်မှုထမ်းဖို့လူငယ်တွေကို အတင်းအဓမ္မ လူသစ်စုဆောင်းပေးတယ်။ ပုလောမြို့နယ်က တိုက်ပွဲတွေမှာ ပြည်သူတွေရဲ့အိမ်တွေကို မီးရှို့တဲ့အထဲမှာ အဓိကပါဝင်တယ်။ ပြီးတော့ သူတို့မှာ စစ်တပ်ကထုတ်ပေးထားတဲ့ လက်နက် လည်းရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ ပျူစောထီးခေါင်းဆောင် သုံးဦးအား ပစ်ခတ်ပြီးနောက် ၎င်း တို့ထံမှ ပစ္စတို သေနတ် ၁ လက် ၊ဖုန်း ၁ လုံး ၊ ကျည် နှင့် စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် – ၁ တပ်ရင်း။
ပုံစာ ၊ သေဆုံးသူ ပျူစောထီးခေါင်းဆောင်သုံးဦး နှင့် လက်နက်ခဲယမ်းများ။
#ပုလော #လက်နက်ကိုင်ဆောင် #ပျူစောထီးခေါင်းဆောင်၃ဦး #အရက်သောက် #ပစ်ခတ်ခံရ #အားလုံးသေဆုံး #Ayeyarwaddy_Times