
ဧရာဝတီတိုင်းမ်
မေ ၇ ရက်
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဆေးဝါးကုသခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု များကို စစ်ကောင်စီကလုံလောက်စွာပေးအပ်ခြင်း မရှိ၍ ယခု ၂၀၂၅ ခုနှစ် နှစ်စမှ ဧပြီအထိ လေးလတာအတွင်း နိုင်ငံရေးအကျဉ်းသား ကိုး ဦးအထိ သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM) ထံမှသိရသည်။
စစ်ကောင်စီက ဆေးဝါးကုသခွင့် လုံလောင်စွာမ ပေးခြင်းကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားများမှာ ဒိုက်ဦးထောင်မှ ကိုမျိုးမင်းဦး၊ ကိုမိုးကျော်၊ သာယာဝတီထောင်မှ ကိုသူရအောင်၊ မြောင်းမြ ထောင်မှ ကိုကျော်ဇင်လတ်၊ အိုးဘိုထောင်မှ ဒေါ်စန်းရီ၊ ကိုအောင်ထွန်း၊ ကိုသီဟ၊ ဦးလူအောင်၊ ကသာထောင်မှ ကိုဟိန်းမင်းသူတို့ဖြစ်ကြောင်းသိရသည်။
“လက်ရှိတော့ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကပုံမှန်အတိုင်းပဲပေါ့နော်။ ဆေးဝါး အိတ်စပိုင်ယာ(Exp)တွေ မသိရဘဲနဲ့ပေးတာပေါ့နော်။ တချို့ဆေးတွေဆို လေသလပ်ခံလို့မရတာတွေ နေရောင်ခြည်ထိလို့မရတာတွေရှိတယ်။ ကိုယ်သောက်မယ်ဆိုမှ ဖောက်ပြီးသောက်ရတာမျိုးရှိတယ်။ သူတို့ပေးတဲ့ဆေးတွေက တချို့ဆို ဘူးတွေတောင်မပါပဲ ခွက်ကလေးတွေနဲ့ပေးတာရှိတယ်။ တစ်ခုခု ဖြစ်တယ်ဆိုရင် ဘာမီတွန်၊ ပါရာစီမော၊ စီထရင်း ဒါပဲပေးတာ။ ထောင်မှာ ဒါကပုံမှန်လိုပဲဖြစ်နေတယ် ” ဟု PPNM မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ခြင်းကြောင့် သေဆုံးရခြင်းများတွင် ရောဂါနှင့်သက်ဆိုင်သည့် ဆေးဝါးများမရရှိခြင်း၊ ထောင်းတွင်း ဆရာဝန်အလုံအလောက်မရှိခြင်း၊ ထောင်ဝင်စာများကန့်သတ်ခြင်း၊ နောက်ဆုံး အခြေအနေ မရောက်ခင်အချိန်အထိ ပြင်ပဆေးရုံများတွင် ဆေးကုသခွင့် မပေးခြင်း စသည့် အကြောင်းအရာများ ပါဝင်နေကြောင်းလည်း သိရသည်။
လက်ရှိတွင်လည်း မတ် ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ပြင်းထန်စစ်ကိုင်း ငလျင်ကြောင့် အိုးဘို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ အပါအဝင်လူ ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး ရာနှင့်ချီထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထဲတွင် ကိုယ်လက်အင်္ဂါရှုံးဆုံးသူများလည်း ပါဝင်ခဲ့ပြီး ယခုအချိန်ထိ ဆေးဝါးကုသမှုလုံ လောက်စွာ မရရှိသေးကြောင်း PPNM ထံကသိရသည်။
ဓာတ်ပုံ – PPNM
#အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #စစ်ကောင်စီ #ဆေးဝါးစောင့်ရှောက်မှုမရ #သေဆုံး #စစ်ကိုင်းငလျင် #Ayeyarwaddy_Times