(မလေးရှား)၊ဧရာဝတီတိုင်းမ်
မေ ၇ ရက်

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်တွင် ပြစ်ဒဏ်ကျခံပြီး အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် မြန်မာ ၉၈ ဦးအပါအဝင် နိုင်ငံခြားသား ၁၀၈ ဦးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပို့ဆောင်ထားကြောင့် ဂျိုဟိုးပြည်နယ် (လဝက) က ယနေ့ မေ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

လွတ်မြောက်လာသည့် နိုင်ငံခြားသားများသည် မလေးရှားတွင် တရားမဝင် လာရောက်နေထိုင်၍ အလုပ်လုပ်ကိုင်စဥ် မလေးရှားအာဏာပိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ထောင်ချခံရသူများဖြစ်ကြသည်။

ယမန်နေ့ မေ ၆ ရက်နေ့ မနက်တွင် ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းဖြင့် မိမိနိုင်ငံအသီးသီးကို ပို့ဆောင်ထားခြင်းဖြစ်သည်။

“ဂျိုဟိုးမြို့ စားသောက်ဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့သူတွေပါ။ အလုပ်လုပ်နေရင်း အထောက်အထားမရှိလို့ လဝကအဖွဲ့၊ ရဲတွေရဲ့ ဖမ်းဆီးခံရပြီး သုံးလလောက် ထောင်ချခံရသူတွေပါ။ အကျဥ်းထောင်မှ ပြန်လွတ်လာတော့ မြန်မာပြည်ကို ပြန်ပို့ဆောင်ခံရတာပါ။ ကျွန်တော်အသိသူငယ်ချင်းတွေပါတယ်” ဟု ဂျိုဟိုးမြို့ရှိ မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်ငံအသီးသီးတွင် ပို့ဆောင်ခံရသည့်နိုင်ငံခြားသားများတွင် မြန်မာ ၉၈ ဦး၊ ဘင်္ဂလားဒေ့ရှ် ငါးဦး၊ ဗီယက်နမ် သုံးဦးနှင့် စင်္ကာပူနိုင်ငံသား နှစ်ဦးတို့ ပါဝင်ကြောင်း ဂျိုဟိုးပြည်နယ် (လဝက) ၏ ထုတ်ပြန်သည့် အချက်လက်အရ သိရှိရသည်။

မလေးရှားတွင် အာဏာပိုင်အဖွဲ့များက တရားမဝင် ရောက်လာကြသည့်နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို ဆက်လက် ဖမ်းဆီးနေပြီး လဝက ဥပဒေဖြင့် ထောင်ချကာ မိမိနိုင်ငံကို ပြန်လည်ပို့ဆောင်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

“ဖမ်းဆီးမှုက မလေးရှားနိုင်ငံအနှံ့မှာ ရှိနေသေးပါတယ်။ လုံးဝ ရပ်မသွားဘူး။ နိုင်ငံခြားသားတွေနေတဲ့နေရာ၊ တိုင်ကြားခံရတဲ့နေရာတွေဆို ဖမ်းဆီးမှုပိုမိုလုပ်ဆောင်တယ်။ အခုနောက်ပိုင်းဆို အထောက်အထားအပြည့်စုံမရှိတဲ့သူတွေ အလုပ်ခန့်တာတွေအစ တင်းကြပ်လာတယ်။ တရားမဝင် အလုပ်သမားတွေ ဖမ်းဆီးခံရပြီဆို သူဌေးတွေကိုလည်း အရေးယူတာတွေရှိလာတယ်” ဟု မလေးရှားရောက်မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေ ၅ ရက်နေ့ကလည်း ကွာလာလမ်ပူမြို့၊ဂျလန်ချန်ကတ်(ဘူကစ်ဘင်တန်း) တွင် မြန်မာအပါအဝင်အထောက်အထားမဲ့ နိုင်ငံခြားသား ၆၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

#မလေးရှား #ပြစ်ဒဏ်ကျခံပြီး #ပြန်လည်လွတ်မြောက် #မြန်မာ၉၈ဦးကိုနေရပ်ပြန်ပို့ #Ayeyarwaddy_Times