နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၇ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှတို့ ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ရင်ပြင်နီအောင်ပွဲသို့ တက်ရောက်မှုသည် ၎င်းတို့ ထွက်ပေါက်ရရန် သံတမန်ရေးကို ပိုမိုခိုင်မာအောင် လုပ်ခြင်းသာဖြစ်ကြောင်း မြန်မာ့အရေး စောင့်ကြည့်သူများက သုံးသပ်သည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု နှစ် (၈၀) ပြည့် စစ်အောင်ပွဲ (ရင်ပြင်နီအောင်ပွဲ) အခမ်းအနားကို လာမည့် မေ ၉ ရက်တွင် ပြုလုပ်ရန် စီစဥ်ထားပြီး နိုင်ငံတကာ ခေါင်းဆောင်များနည်းတူ စစ်ခေါင်းဆောင် လင်မယားနှစ်ဦးလည်း တက်ရောက်ရန် ယနေ့ မေ ၇ ရက်နေ့တွင် ထွက်ခွာသွားကြောင်း သိရသည်။

စစ်ခေါင်းဆောင်တို့ လင်မယားနှစ်ဦး ရင်ပြင်နီအောင်ပွဲ သွားရောက်မှုသည် ယခင်ခရီးစဉ်၏ အဆက်ဖြစ်ပြီး ထိုစဥ်ကတည်းက ဖိတ်ကြားခဲ့ခြင်းဖြစ်သလို မြန်မာနိုင်ငံကလည်း ဂုဏ်ပြုချီတက်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့များ စေလွှတ်ထားကြောင်း မြန်မာနှင့် နိုင်ငံတကာအရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။

“ရှိပြီးသား သံတမန်ရေးကို ပိုလို့ခိုင်မာအောင် လုပ်တာမျိုးပါ။ သူ့မိန်းမ (ဒေါ်ကြူကြူလှ)ကို ဖိတ်တာကလည်း သံတမန် လုပ်ရိုးလုပ်စဉ်လို့ ယူဆပါတယ်။ အနုမြူကိစ္စ ဆက်လုပ်မယ်လို့ ကြေညာထားတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း ထိုးစစ်တွေလုပ်နေတာ သိသိသာသာ တွေ့ရတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီကမူ ရုရှားနိုင်ငံ၏ ဖိတ်ကြားချက်အရ ချစ် ကြည်ရေးခရီး သွားရောက်ခြင်းဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း စစ်ခေါင်းဆောင်တို့ သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာ၊ ရုပ်သံများမှတစ်ဆင့် ထုတ်ပြန်ထားသည်။

ထို့အပြင် ခရီးစဥ်အတွင်း စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ပိုမိုတိုးတက် ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သလို စစ်ခေါင်းဆောင်၏ ဇနီးကိုလည်း ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌက ဖိတ်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတ ပူတင်တို့သည် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသော ရာဇဝတ်သားများဖြစ်သည့်အတွက် အချင်းချင်းပေါင်းသင်း၍ အပြန်အလှန် သွေးစည်းညီညွတ်မှုပြကာ ထောက်ပံ့ကြလိမ့်မည်ဟု မြင်မိကြောင်း Sisters 2 Sisters ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဥ္ဇာရွန်းလဲ့ရည်ကဆိုသည်။

“အခုခရီးစဥ်ဆိုလည်း သူ့အမျိုးသမီးပါ ခေါ်သွားတယ်။ ပြောရမယ်ဆိုရင် သူ့နောက်ဆွက်ပေါက်ပေါ့။ သူ့တစ်ကိုယ်စာ ထွက်ပေါက်ဆိုရင် အနည်းဆုံး ရုရှားလို နေရာမျိုးမှာ အေးဆေးနေလို့ရအောင် ဒီချစ်ကြည်ရေး လုပ်ငန်းတွေကတော့ ဆက်တိုက်လုပ်နေလိမ့်မယ် ထင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ရုရှားနိုင်ငံ၏ ကျူးကျော်မှုကြောင့် နှစ်နိုင်ငံအကြား စစ်ဖြစ်ပွားနေသော ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ရင်ပြင်နီအောင်ပွဲ တက်ရောက်ကြမည့် နိုင်ငံ တကာ ခေါင်းဆောင်များအဖွဲ့ကို လုံခြုံရေး အာမမခံကြောင်း ပြောဆိုထားပြီး ဒရုန်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင်နှင့်ဇနီး #ရုရှားရင်ပြင်နီအောင်ပွဲ #ထွက်ပေါက်ရရန် #သံတမန်ရေး #ပိုမိုခိုင်မာ
#Ayeyarwaddy_Times