ဧရာဝတီတိုင်းမ်
မေ ၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ချိတ်ဆက်ကာ တာဝန်ထမ်းဆောင် နေသည့် တပ်၊ဌာနတွင်း အမာခံသတင်းပေး (PreCDM) ပြုလုပ်သူအမျိုးသမီး များအပေါ် ၎င်းတို့၏ သတ္တိနှင့်တာဝန်သိမှုများအတွက် အသိအမှတ်ပြုလေးစားဂုဏ်ယူကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့အစည်းက ထုတ်ပြန်ကြေညာသည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်၊ ရဲတပ်ဖွဲ့ နှင့် ဝန်ကြီးဌာနအသီးသီး၏ လက်အောက်ရှိဦးစီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအမျိုးသမီးPreCDM များ နှင့် တပ်၊ဌာနမိသားစုဝင် အမျိုးသမီးများ သည် စစ်ကောင်စီအသိုင်းအဝိုင်းအတွင်း နေထိုင်ကာ တော်လှန်ရေးအောင်မြင်စေရေးအတွက်အရေးကြီးသည့် စစ်ရေး၊ နိုင်ငံရေး သတင်းအချက်အလက်များကို ပေးပို့လျက်ရှိကြောင်းလည်းသိရသည်။

“Pre-CDM ဖရဲသီးအနေနဲ့ တာဝန်ထမ်းဆောင်နေကြတာက အမျိုးသားတွေကြီးပဲမဟုတ်ဘူး။ အမျိုးသမီးတွေလည်းရှိနေတယ်ဆိုတာ ကျွန်တော်တို့က သိစေချင်တယ်။ ဒီအမျိုးသမီးတွေနဲ့ပါတ်သတ်ပြီး ကျွန်တော်တို့ အင်မတန်ဂုဏ်ယူရတယ်ပေါ့နော်။ နောက်ပြီးတော့ စစ်ကောင်စီလက်အောက်မှာရှိနေသေးတဲ့ အကြောင်းအမျိုးမျိုးကြောင့် ရုန်းမထွက်နိုင်တဲ့ အမျိုးသမီးနိုင်ငံ့ဝန်ထမ်းတွေရှိခဲ့ရင်လည်း ဒီလိုမျိုးနည်းနဲ့ပူးပေါင်းလို့ရပါလား ဆိုတာကို သိစေချင်တယ်။ ဒါကြောင့်ကျွန်တော်တို့ ဒီလိုမျိုးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်ထုတ်တာပါ” ဟု ပြည်သူ့ရင်ခွင်အဖွဲ့အစည်း တာဝန်ရှိသူ CDM တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမျိုးသားများနှင့်တန်းတူ တပ်၊ ဌာနတွင်းမှနေ၍ တော်လှန်ရေးတွင် တာဝန်ကျေပွန်နေသည့် အမျိုးသမီးသတင်းပေး(Pre-CDM) များကိုတော်လှန်ရေးကာလအတွင်းဖြစ်စေ၊ တော်လှန်ရေးပြီးဆုံးချိန်တွင်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၉/၂၀၂၂၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (ဃ)အရ အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်သူ့ရင်ခွင်က ပြောဆိုထားသည်။

စစ်ကောင်စီလက်အောက်တွင် မနေလို၍ CDM ပြုလုပ်ကာ ပြည်သူဘက်သို့ ပူးပေါင်းလိုသည့် စစ်သား၊ ရဲ၊ အဓမ္မတပ်သားစုဆောင်းခံရသူများအနေဖြင့် ပြည်သူ့ရင်ခွင်-People’s Embrace သို့ လူမှုကွန်ရက်များမှတစ်ဆင့် ဆက်သွယ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် CDM မပြုလုပ်နိုင်ပါကလည်း ဆက်သွယ်စာရင်းပေးကာ(Pre-CDM) ပြုလုပ်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
#စစ်ကောင်စီ #ဖရဲသီး #တပ်တွင်းသတင်းပေး #အမျိုးသမီး #CDM #PreCDM #ပြည်သူ့ရင်ခွင် #Ayeyarwaddy_Times