ဧရာဝတီတိုင်းမ်
မေ ၇ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ လစဥ် ငွေတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

သပြေကုန်းအုပ်စုရှိ ကျေးရွာများကို အစည်းအဝေးခေါ်ယူကာ ပြည်သူ့စစ်မှုထမ်းအတွက် ထပ်မံငွေပေးဆောင်ရမည်ဟုဆိုကာ တစ်အိမ်လျှင် ကျပ်ငွေ တစ်သိန်းသုံးသောင်းတောင်းယူကြောင်း ဒေသခံများကဆိုသည်။

“မရှိတဲ့ကြားထဲကနေ သူတို့ကို ငွေထည့်နေရတယ်။ အရင်လတွေကလည်း စစ်မှုထမ်းအတွက်ဆိုပြီး ငွေတွေလာတောင်းလို့ပေးလိုက်ကြရတယ်” ဟု သပြေကုန်းအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သပြေကုန်းအုပ်စုရှိ ကျေးရွာများသည် ပြည်သူ့စစ်မှုထမ်းအတွက်ပြီးခဲ့သည့်လပိုင်းကလည်း တစ်အိမ်လျှင် ကျပ်ငွေ နှစ်သိန်းကျပ်ပေးဆောင်ခဲ့ရကြောင်း ဒေသခံများကပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီလပိုင်းတွင်လည်း မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ ခွန်နှစ်အိမ်တန်းကျေးရွာတွင် ရာအိမ်မှူး ဦးဝင်းအောင်နှင့် ဆယ်အိမ်မှူးများ ပူးပေါင်းပြီး ခွန်နှစ်အိမ်တန်းကျေးရွာရှိ နေအိမ်များအားလုံးကို တစ်လလျှင် တစ်သိန်းကျပ် လစဥ်တောင်းယူကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းအတွင်း ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေကြေး​တောင်းယူမှုများပိုမိုပြုလုပ်လျက်ရှိပြီး ကြီးပွားချမ်းသာနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ထို့ပြင် စစ်ကောင်စီက မေ ၅ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် ၁၀ကိုသင်တန်းဆင်းပေးခဲ့ပြီး လာမည့် အမှတ်စဥ် ၁၁ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ ထပ်မံခေါ်ယူရန်လည်း ပြင်ဆင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံကသိရသည်။

ဓာတ်ပုံ- မေ ၅ရက်နေ့က ဧရာဝတီတိုင်းရှိ ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၁၀ သင်တန်းဆင်းများကို တွေ့ရစဥ်

#မြန်အောင် #ပြည့်သူစစ်မှူထမ်း #အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ #လစဥ်ငွေတောင်းယူနေ #Ayeyarwaddy_Times