
ဧရာဝတီတိုင်းမ်
မေ ၆ရက်
စစ်ကောင်စီသည် တော်လှန်ရေးပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ကိုစိုးရိမ်၍ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းကို လေကြောင်းမှ အင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၇ရက်နေ့က အင်းတော်မြို့ကို သိမ်းပိုက် ခဲ့ပြီးနောက် စစ်ကောင်စီက ကသာရှိ တပ်ရင်းများထံ စစ်ကူအင်အားပို့ဆောင်နေကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။
“ထီးချိုင့်နဲ့ ကသာ ဘယ်မြို့စပြီးအတိုက်ခံရမလဲဆိုတာကို စစ်တပ်ကစောင့်နေပုံရပါတယ်။ ကသာမှာက စစ်အင်အားနည်းတဲ့အပြင် အင်းတော်မှာလည်း တော်လှန်ရေးတပ်တွေရှိတော့ ကသာကို အင်အားပို့ နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ကသာအခြေစိုက် ခမရ ၃၀၉ အတွင်းကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှနေ၍ စစ်ကူအင်အား အများအပြားကို လေယာဉ်များဖြင့် ပို့ဆောင်နေကြောင်း သိရသည်။
ကသာမြို့တွင် နယ်မြေခံတပ်ရင်းတစ်ခုနှင့် အမြောက်တပ်ရင်းတစ်ခုသာရှိသည့်အတွက် အင်အား နည်းပါးနေခြင်းကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှနေ၍ အင်အားပို့နေရခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ကသာရှိတပ်ရင်းများကိုအားကိုး၍ အင်းတော်မှထွက်ပြေးသည့် တပ်မ(၇၇) တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့် အင်အား ၁၇၀ကျော်ပါ စစ်ကြောင်းကို ကသာတွင်ဖမ်းဆီး ရမိခဲ့သည်။
ယမန်နေ့ မေ ၅ရက်နေ့က မန္တလေး- အင်းတော်လမ်းပိုင်း ပြန်လည် သွားလာခွင့်ရရှိခဲ့ပြီး ကုန်စည်စီးဆင်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ- အင်တာနက် (ပုံဟောင်း)
#ကသာ #စစ်ကောင်စီ #အင်အားဖြည့် #နမခ #Ayeyarwaddy_Times