
ဧရာဝတီတိုင်းမ်
မေ ၆ရက်
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ လက်နက်ကြီးတိုက်ပွဲ ဆင်နွှဲနေချိန်တွင် စစ်ကောင်စီက တပ်ပျက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်တွေတွင် စုဆောင်း အင်အားဖြည့်နေကြောင်း သိရသည်။
ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ သံတွဲနှင့်မောင်တော မြို့နယ်များမှ တပ်ပျက်လာသည့် စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များကို စစ်တွေတွင်စုထားပြီး ခံစစ်ဆင်ခိုင်းထားကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းအသုံးပြုပြီး တပ်ရင်းအချို့မှထုတ်နှုတ်အင်အားအချို့နှင့် လက်နက်ခဲယမ်းများကို စစ်တွေသို့ပို့ဆောင်ထားကြောင်း သိရသည်။
“၂၀၂၀ထဲက စစ်တွေမြို့သိမ်းတိုက်ပွဲစမယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး စစ်တွေကို ခံစစ်အခိုင်အမာပြင်တယ်။ နေရာအနေအထားအရ ခံစစ်ဆင်ရင် သာတဲ့မြို့ပေါ့။ အခုဆို တပ်ပျက်လာသမျှ စစ်တွေထဲစုထားတယ်။ ဘယ်လိုပြင်ပြင် AA က တိုက်မယ်ဆို စစ်တွေကကျမှာပါ။ စိတ်ဓာတ်အင်အား အရမ်းကွာသွားပါပြီ” ဟု စစ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံ ၊ ကံပြင်ရွာသစ် ၊ကံပြင်ရွာဟောင်း ၊ ဇော်မဒက် ၊ ကံကော်ကျွန်း ၊တောကန် ၊ ရာတန် ၊ငတောက်တက်၊ သိန်းတန် စသည့်ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီက ကျေးရွာအတွင်းကနေ ဖယ်ရှားခိုင်းပြီးနောက် နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြသည်။
စစ်ကောင်စီသည် ဒေသခံများကို ဖယ်ရှားပြီးနောက် အဆိုပါကျေးရွာများတွင် ကာကင်းစခန်းများအပြင် ဘန်ကာများပါဆောက်လုပ်၍ ခံစစ်ပြင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇွန်လ ၉ရက်နေ့ကလည်း စစ်တွေရှိ ရေချမ်းပြင်၊ အုန်းရေဖော်၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲကျေးရွာ၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ ပျားလယ်ချောင်းရွာဟောင်း/ရွာသစ်၊ သင်ပုန်းတန်း၊ မောင်နီပြင် စသည့်ကျေးရွာ ၁၂ရွာမှ ဒေသခံများကို ကျေးရွာများအတွင်းမှ မောင်းထုတ်ပြီး ကာကင်းစခန်းများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တိုက်ပွဲများရှိနေပြီး စစ်ကောင်စီ ကာကင်းအချို့ကို AAက သိမ်းပိုက်၍ ရဲတပ်ရင်းအနီးထိ ထိုးစစ်ဆင်နေကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ-AA ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ (ပုံဟောင်း)
#စစ်တွေ #တပ်ပျက် #အင်အားစုဆောင်း #စစ်ကောင်စီ #Ayeyarwaddy_Times