
ဧရာဝတီတိုင်းမ်
မေ ၆ ရက်
ရခိုင်ပြည်နယ်ရှိမြို့အများစုကိုသိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) တွင် မြောက်ဦးမြို့နယ်နိုင်ငံရေးမှူးတာဝန်ထမ်းဆောင်နေသည့် ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အသက် (၇၂) နှစ်သည် ယနေ့ မေလ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏ ဆေးရုံတစ်ခုတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ဦးဦးလှစောသည် ရောဂါဝေဒနာခံစားနေရသည်မှာကြာမြင့်နေပြီးဖြစ်ပြီး နှာခေါင်းအနောက်ဘက်အရိုးကင်ဆာဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဦးဦးလှစော၏ မိတ်ဆွေဖြစ်သူ နိုင်ငံရေးသမားတစ်ဦးထံမှ သိရသည်။
ဦးဦးလှစောကို ဖခင် ဦးအောင်လှဇံ၊ မိခင် ဒေါ်စံသာဖြူတို့မှ ၁၉၅၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင်မွေးဖွားပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့်အတူ သားသမီးနှစ်ဦးကျန်ရစ်ကြောင်းသိရသည်။
ဦးဦးလှစောသည် ငယ်စဉ်ကတည်းက ပညာထူးချွန်သူဖြစ်၍ စစ်တွေမြို့တွင်ပညာသင်ကြားကာ ဒသမတန်းတွင် ဂုဏ်ထူးသုံးသာဘာဖြင့်အောင်မြင်ခဲ့ပြီး သင်္ချာဘာသာရပ်တွင် အမှတ် ၁၀၀ အပြည့်ဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့သည်။
ထို့ကြောင့် ရန်ကုန်မြို့ရှိ ရန်ကုန်အင်ဂျင်နီယာတက္ကသိုလ် RIT ( ယခု YTU ) တက္ကသိုလ်တွင် ပညာသင်ကြားခွင့်ရရှိခဲ့သော်လည်း နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်မှုကြောင့် ၂ နှစ် ကျောင်းထုတ်ခံခဲ့ရသည်။
၁၉၇၅ ခုနှစ်တွင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရကာ ထောင်မှ လွတ်မြောက်လာပြီးနောက် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးတွင် စစ်ခုံရုံးဖြင့် ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ပေးခံခဲ့ရသည်။
ဦးဦးလှစောသည် ကဗျာဆရာ မောင်ခိုင်အောင်အဖြစ် ” ကျောင်း ” ကဗျာစာအုပ်အပါအဝင် စာအုပ်ပေါင်း ဆယ်အုပ်ခန့်ရေးသားထားပြီး မဂ္ဂဇင်းစာအုပ်များ၊ စာရေးဆရာများ ကလောင်စုံရေးသားထုတ်ဝေသည့်စာအုပ်များတွင်ပါဝင်ရေးသားခဲ့သည်။
၁၉၉၀ ပြည့်နှစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တွင်တာဝန်ထမ်းဆောင်ချိန် စစ်အစိုးရက တရားမဝင်ပါတီအဖြစ်ကြေညာ၍ ပါတီကိုဖျက်သိမ်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလတွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ( RNDP ) ကိုတည်ထောင်သည်။
ဦးဦးလှစောသည် ၂၀၁၃ ခုနှစ်တွင်ရခိုင်ပါတီနှစ်ခု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပူးပေါင်းရေးအတွက် အဓိကဦးဆောင်သူအဖြစ်ဆောင်ရွက်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ်မြောက်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ ( ANP ) ၏ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဦးဦးလှစော ကလောင်အမည် မောင်ခိုင်အောင်၏ `ကျောင်း´ ကဗျာစာအုပ်တွင် “ညီလေးရေ ရိုးသားစွာ ပွင့်ပွင့်လင်းလင်း ပြောရရင် အားလုံးကို မေ့ပစ်ပြီး ဒီကျောင်းကြီးမှာ စာတွေ တစ်ဝကြီး သင်ချင်သေးတယ်။ ဒီကျောင်းကြီးမှာ သင်္ချာတွေ တစ်ဝကြီး တွက်နေချင်သေးတယ်။ ပညာဉာဏ်ကို မြတ်နိုးပေမယ့် ပညာရေးကို စတေးခဲ့ရ ၊ ဘဝ ဘဝ တွေကို စတေးခဲ့ရ။ ဒီ … အမှောင်ခေတ်ဆိုးကြီး ဘယ်တော့ နိဂုံးတိုင်မလဲ။ နိဂုံးရေ… တိုင်ပါတော့။ နိဂုံး တိုင်ပါတော့ ” ဟု ရေးသားခဲ့သည်။
ကိုးကား- arakan wikipedia
ဓာတ်ပုံ – လူမှုကွန်ရက်
#ဝါရင့်ရခိုင်နိုင်ငံရေးသမား #ဦးဦးလှစောကွယ်လွန် #ကဗျာဆရာ #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times