
(အိန္ဒိယ)၊ဧရာဝတီတိုင်းမ်
မေ ၆ ရက်
အိန္ဒိယနိုင်ငံ၊ Siliguri Khoribari မြို့တွင် ကျမ်းစာကျောင်းတက်ရောက်နေသည့် မြန်မာနိုင်ငံသား ခြောက်ဦး မှတ်ပုံတင်အတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရကြောင်း အိန္ဒိယရောက် မြန်မာနိုင်ငံသားများထံက သိရှိရသည်။
ဖမ်းဆီးခံရသူများသည် နိုင်ငံကူးလက်မှတ်မရှိဘဲ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကတည်းက တရားမဝင် လာရောက်ကြသူများဖြစ်ပြီး ဧပြီလ ၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“အားလပ်ရပ်မှာ ကျောင်းသားတွေက Siliguri မြို့မှာ ခရီးထွက်ကြတာ။ အဲမှာ နယ်ခြားစောင့်တပ်တွေက စာရွက်စာတမ်းတွေ စစ်ဆေးပြီး ဖမ်းဆီးခံရတာဖြစ်တယ် ဟု အိန္ဒိယတွင်နေထိုင်သည့် မြန်မာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသားများသည် Maji Myo Htoi Li၊ Langh Ngaih Niang ၊ Naw Thaung ၊ Van Za Lian ၊ Francis Tawk Lian Sang နဲ့ Roland Nawl Tling Lian တို့ဖြစ်ပြီး ၎င်းတို့သည် ချင်းလူမျိုးများဖြစ်ကြသည်။
အိန္ဒိယနိုင်ငံသားများ ပိုင်ဆိုင်ခွင့်ရှိသည့် Aadhaar Card၊ မဲဆန္ဒရှင် ID နှင့် PAN ကဒ်အတုများကို ကိုင်ဆောင်ထားပြီး အဆိုပါ စာရွက်စာတမ်းအတုများကို နယူးဒေလီမြို့တွင်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“အခုမြန်မာလူငယ် ခြောက်ဦးကို ရဲတပ်ဖွဲ့တွေက တရားရုံးမှာ စွဲချက်တင်ထားပါတယ်။ ၁၄ ရက်ကြာ တရားရုံးမှာ ချုပ်နှောင်ထားမယ်။ ပြီးမှ သူတို့တွေကို လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ ကြားတယ် ဟု အိန္ဒိယတွင်နေထိုင်သည့် မြန်မာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် နာဂလန်းပြည်နယ်ရှိ Vankhousing , Wokha တွင်ရှိသည့် Witter Theological College ကျောင်းတွင် ကျမ်းစာကျောင်း တက်ရောက်ကြသူများဖြစ်ကြောင်း သိရသည်။
#အိန္ဒိယ #မှတ်ပုံတင်အတု #မြန်မာနိုင်ငံသား #၆ဦးဖမ်းဆီးခံရ #Ayeyarwaddy_Times