
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၆ ရက်
စစ်ကောင်စီက တစ်လအတွင်း ရှမ်းမြောက်ရှိ မြို့ခြောက်မြို့ကို လေကြောင်းအပါအဝင် လက်နက် ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံမှ သိရသည်။
အဆိုပါမြို့များမှာ နောင်ချို၊ မိုးကုတ်၊ သပိတ်ကျင်း၊ သီပေါ၊ မိုင်ယော်နှင့် နမ့်ဆန်မြို့နယ်တို့ဖြစ်ပြီး စစ်ကောင်စီက ပြီးခဲ့သော ဧပြီလအတွင်းတိုက်ပွဲမရှိဘဲ တိုက်ခိုက်ခဲ့သလို ၎င်းတို့၏ မိုင်းကြောင့် ထိခိုက်သေဆုံးသူများလည်းရှိကြောင်း သိရသည်။
“ကျွန်မတို့ဒေသမှာ ဗုံးကြဲတာတွေ ပိုမိုလုပ်လာပါတယ်။ ဧပြီလမှာဆိုရင်တော့ ဗုံးကြဲတိုက်ခိုက်မှုက အများဆုံးပဲ။ နောင်ချို၊ မိုးကုတ်က ပိုပြီးတော့မှ ရင်ဆိုင်နေရတယ်” ဟု TNLA ပြောခွင့်ရ လွေးယေဦးက မေ ၄ ရက် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။
ထို့အပြင် TNLA ထိန်းချုပ်ထားသော နယ်မြေဒေသများအတွင်း စစ်ကောင်စီက စစ်ရေးတိုးမြှင့် လှုပ်ရှား ခြင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်နေသည်ကို တွေ့ရှိရသဖြင့် ပြည်သူများ သတိထားကြရန် ၎င်းက တိုက်တွန်းပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်း၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြင် မိုင်းနှင့် လက်နက်ကြီးတို့ကြောင့် နေအိမ်အများအပြား ပျက်စီး၍ ပြည်သူ နှစ် ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ကိုး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ယင်းကာလသည် TNLA အပါအဝင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ငလျင်ဒဏ်သင့် ပြည်သူ များကို လူသားချင်းစာနာ ထောက်ထားသဖြင့် တစ်လတာ တစ်ဖက်သတ် အပစ်ရပ် ထားခြင်းဖြစ်ပြီး လက်ရှိတွင်လည်း တစ်လထပ်မံ တိုးထားကြောင်း သိရသည်။
ထို့အတူ စစ်ကောင်စီကလည်း အပစ်ရပ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည့် ကာလတစ်ခုဖြစ်ပြီး လက်တွေ့တွင်မူ စစ်ရှုံးနယ်မြေများ ပြန်လည်ရရှိရေးအတွက် လေကြောင်းအသုံးပြုကာ နိုင်ငံတစ်ဝန်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
#စစ်ကောင်စီ #၁လ #ရှမ်းမြောက် #မြို့၆မြို့ #လေကြောင်း #လက်နက်ကြီးများ #ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times