(ချင်းပြည်)၊ဧရာဝတီတိုင်းမ်
မေ ၆ ရက်

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲတွင်း ထွက်ပြေးလာသည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့နှစ်ဦးအနက် တစ်ဦးသည် ဖမ်းဆီးထိန်းသိမ်းခံရစဥ် နှိပ်စက်ခံရသည့်အတွက် သေဆုံးခဲ့ခြင်း မဟုတ်ဘဲ ကျန်းမာရေးကြောင့်သာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရ ဆလိုင်းထက်နီက ပြောသည်။

AA ၏ မဟာမိတ်ဖြစ်သည့် ချင်းညီနောင် (CB) က လွတ်မြောက်လာသည့် AA တပ်ဖွဲ့နှစ်ဦးသည် ဖမ်းဆီးခံရစဥ် CNA ၏ ရိုက်နှက်နှိပ်စက်မှုတို့ကြောင့် တစ်ဦးသေဆုံးခဲ့ရကြောင်း စွပ်စွဲထားပြီး CNA အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်းပေးရန် မေ၄ ရက်နေ့တွင် တောင်းဆိုထားသည်။

CNA သည် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ၎င်းတို့ကို ဖမ်းဆီးနှိပ်စက်ခွင့် မရှိဘဲ AA တပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးမှာလည်း ကျန်းမာရေးကြောင့်သာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“တိုက်ပွဲအတွင်း AA ကနေ ထွက်ပြေးလာချိန်မှာ ဖမ်းဆီးခံရတယ်လို့ သိရတယ်။ သူ့တို့ကို ဆေးစစ်တော့ ကျန်းမာရေး မကောင်းဘူး၊ သေမှုသေခင်းနဲ့ ပါတ်သက်ပြီး ဆရာဝန် မှတ်တမ်းရှိပါတယ်။ CNA မှာ စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားသူတွေကို ညှင်းပန်းနှိပ်စက်ခွင့်မရှိဘူး။ အခုကျနော်တို့ဆီကနေ ပြန်လွှတ်ပေးလိုက်တဲ့ AA ရဲဘော်တွေ ကိုယ်တိုင်လည်း သိမှာပါ” ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျန်းမာရေးကြောင့် ဖမ်းဆီးထိန်းသိမ်းထားစဥ် အသက်သေဆုံးသွားသည့် AA တပ်ဖွဲ့ဝင်တစ်ဦးနှင့်ပတ်သက်၍ ဆရာဝန်များ၏ ဆေးစစ်ချက် မှတ်တမ်းမှတ်ရာ သက်သေအထောက်အထားများရှိကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။

ထို့အပြင် အခြေအမြစ်မရှိသည့် သတင်းဖြန့်ချီမှုများ ရှောင်ရှားစေလိုပြီး ပြည်သူများ ဝေဝါးစေမည့် လက်လွတ်စပယ်လုပ်ရပ်နှင့် အမုန်းပွါးစေမည့် ပြောဆိုရေးသားမှုမျိုးကို ရှောင်ရှားပေးရန် ၄င်းက တိုက်တွန်းပြောဆိုသည်။

ပြီးခဲ့သည့် မတ် ၂၀ ရက်နေ့တွင် ကျရောက်သည့် ချင်းတော်လှန်ရေးနေ့ (၃၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်းနှင့် အကျဉ်းသား (၇၂) ဦးကို ချင်းအမျိုးသားတပ်ဦး (CNF) က လွှတ်ပေးခဲ့ကြောင်း ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောဆိုထားသည်။

#AAတပ်ဖွဲ့ဝင် #ဖမ်းဆီးထိန်းသိမ်းခံရစဥ် #ကျန်းမာရေးကြောင့်သေဆုံးခဲ့ကြောင်း #CNA #ဆလိုင်းထက်နီ
#Ayeyarwaddy_Times