ဧရာဝတီတိုင်းမ်
မေ ၄ ရက်

လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်နှင့် နေရာအချို့ကို ဝင်ရောက်လာသည့် စစ်ကောင်စီက ၎င်းတို့နေရာထိုင်ရာ ပတ်ဝန်းကျင်တွင် အန္တရာယ်ကင်းပရိတ်ရွတ်ရန် စီစဉ်နေကြောင်း သိရသည်။

ယနေ့ မေ ၄ ရက်နေ့ ညနေ ၄ နာရီမှစတင်ကာ လားရှိုးမြို့ပေါ်ရပ်ကွက်များတွင် ပရိတ်ရွတ်ဖတ် သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့နေထိုင်မယ့် ရုံးဌာန သွားလာလို့ရတဲ့ နေရာလောက်ကိုပဲ နေရာကွက်ကွက်လောက်ကိုပဲ ပရိတ်ရွတ်မှာ။ မန်ဆူရှမ်းကျောင်းဆရာတော် ဦးဆောင်မယ်လို့ပြောတယ်” ဟု လားရှိုးဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မန်ဆူကျောင်းဆရာတော်သည် လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်များ သိမ်းပိုက်နိုင်မည်မဟုတ်ဘဲ စစ်ကောင်စီကသာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ၁၀၂၇ တော်လှန်ရေးအစတွင် ဟောပြောခဲ့ပြီး လားရှိုးမြို့အသိမ်းခံရချိန်တွင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယခု တရုတ်၏ကြားဝင်စေ့စပ်မှုနှင့် လားရှိုးမြို့ပေါ် စစ်ကောင်စီ ပြန်လည်ဝင်ရောက်လာချိန်တွင် မန်ဆူကျောင်းဆရာတော်လည်း ပါလာပြီး ပရိတ်ရွတ်ရန်စီစဉ်နေကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့များ သေဆုံးထိခိုက်မှုများခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) စစ်ကောင်စီ တပ်ရင်းများ၊ လားရှိုးလေဆိပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည့် နေအိမ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ အရိုးစုများ ဖယ်ရှားရခြင်းမရှိသေးဘဲ သရဲခြောက်သည် ဆိုသည့် သတင်းများပျံ့ နှံ့နေကြောင်း ဒေသခံများထံမှ သိရပြီး အဆိုပါနေရာများကို အဓိကထားပြီး ပရိတ်ရွတ်ဖတ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းတွင် MNDAA တပ်များ လားရှိုးမြို့ကို သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ယခု ဧပြီ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီတပ်များ လားရှိုးမြို့တွင်း ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

ဗေဒင်ယတြာကို အထူးယုံကြည်သည့် စစ်ကောင်စီက လားရှိုးမြို့ကို အန္တရာယ်ကင်းပရိတ်ရွတ် ဖတ်ပြီးနောက် ယတြာချေခြင်းလုပ်ငန်းများပါ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်သတင်းရင်း မြစ်က ပြောသည်။

လတ်တလောတွင် လားရှိုးမြို့၌ စစ်ကောင်စီ၏ အုပ် ချုပ်ရေးယန္တယား လည်ပတ်နိုင်ခြင်းမရှိသေးသော် လည်း လားရှိုးဆေးရုံနှင့် ဌာနဆိုင်ရာအချို့ကို ဖွင့်လှစ်ရန် Non CDM ဝန်ထမ်းများ မြို့တွင်း ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ရှမ်းမြောက်တွင် စစ်ဆင်ရေးဆင်နွှဲစဉ်တွင် စစ်ကောင် စီက ဗေဒင်ယတြာများ အထူးအသုံးပြုပြီး လက်ဖွဲ့နှင့် အဆောင်များကိုသုံးကာ ရှမ်းမြောက်တွင် ခံစစ်ဆင်တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။

ပုံစာ- ၂၀၂၃ နိုဝင်ဘာအတွင်းက မန်ဆူဆရာတော်ကို အလှူငွေများ လာရောက်လှူဒါန်းနေသည်ိ့ စစ်ခေါင်းဆောင်
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #မန်ဆူ #ရှမ်းကျောင်းဆရာတော် #ပရိတ်ရွတ်စီစဉ် #Ayeyarwaddy_Times