
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီ ၄ ရက်)
မြန်မာနိုင်ငံမှာ လူဖြစ်လာကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေဟာ ဝမ်းနည်း စိတ်မကောင်းစရာ အဖြစ်အပျက်တွေကို နေ့စဉ် နေ့တိုင်းလိုလို ကြုံနေ ကြားနေရပါတယ်။ နိုင်ငံသားတွေဟာ အဖျက်လက်နက်တွေသုံးပြီး ကိုယ့်ပြည်သူ အသက်အိုးအိမ်တွေကို လူမဆန်အကြမ်းဖက်နေတဲ့ စစ်ကောင်စီကြောင့် ငရဲခန်းလို ထိခိုက်နာကျင်ကြရပါတယ်။
၂၄ နာရီမှာမှ နာရီပိုင်းလောက်သာ လျှပ်စစ်မီး ရကြရှာတဲ့ မြို့ပေါ်မှာ နေထိုင်သူတွေဟာလည်း ရတက် မအေးရရှာပါဘူး။
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ မိသားစုလိုက် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်ငွေ့သင့်သေဆုံးသွားတဲ့ သတင်းဟာ အင်မတန် စိတ်မချမ်းမြေ့စရာကောင်းပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်များအတွက် ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်ခြင်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
မြို့ပြတွေမှာတော့ အပူဒဏ်ကို လိမ့်နေအောင်ခံစားရတဲ့ မတ်၊ ဧပြီ နှင့် မေလတွေမှာ လေအေး ပေးစက်တွေဖွင့်ပြီး နေကြရတာကြောင့် နှစ်စဥ် နွေရာသီလျှပ်စစ်အားအသုံးများပါတယ်။
#ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ငွေ့သင့်ခြင်း (Carbon Monoxide Poisoning)
ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ (Carbon Monoxide -CO)
လောင်စာတွေ မီးလောင်ကျွမ်းတဲ့အခါ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ထွက်ပါတယ်။ ထင်း၊မီးသွေး၊ ဓာတ်ဆီ၊ဒီဇယ်၊ရေနံဆီ၊ သဘာဝဓာတ်ငွေ့တို့ လောင်ကျွမ်းသည့်အခါတိုင်း ထွက်ပါတယ်။ သိပ္ပံ (ဓာတုဗေဒ) ကျောင်းသင်ခန်းစာမှာ အရောင်၊ အနံ့၊ အရသာမရှိသော ဓာတ်ငွေ့လို့ ပြဌာန်းသင်ကြားခဲ့တာကို မှတ်မိသူတွေ ရှိနေဦးမယ်ထင်ပါတယ်။
ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ဟာ ရှူမိလျှင် အဆိပ်သင့်ပြီး အသက်အန္တရာယ် ရှိတတ်တာကြောင့် အရေးပေါ် ကုသမှုလိုအပ်တတ်ပါတယ်။
ဓာတ်ဆီ၊ဒီဇယ်၊ရေနံဆီ-မီးစက်တွေကနေ ထွက်တဲ့ အငွေ့တွေ၊ ထင်း၊မီးသွေး၊ဂက်စ်-မီးဖိုများမှ ထွက်တဲ့ မီးခိုး၊ ဆိုင်ကယ်၊ကား၊ရထား၊သင်္ဘောမောင်းနှင်ရာမှထွက်သော အငွေ့များ ၊ ခြင်ဆေးခွေ၊ နနွင်းမှိုင်း စသောမီးခိုးများ တွင် ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ ပါဝင်နေပါတယ်။
ရေတွင်းဟောင်း၊ မြေအောက်ထပ်၊ အလုံပိတ်အခန်းများ၊(ဗုံးခိုကျင်း)ပုန်းခိုကျင်းစတဲ့ လေဝင် လေထွက် မကောင်းတဲ့ အခန်းတွေမှာ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေ ရှိနေတတ်ပါတယ်။
ကာဗွန်မိုနောက်ဆိုဒ်အငွေ့ကို ရှူမိပါက သွေးနီဥဟေမိုဂလိုဘင် (Hemoglobin) နှင့်ချိတ်ဆက်သွားပြီး ခန္ဓာကိုယ်အတွက်မဖြစ်မနေလိုအပ်သော အောက်စီဂျင် ဖြန့်ဝေသုံးစွဲမှုကို အနှောင့်အယှက်ပေး ပိတ်ပင် တားဆီးပါတော့တယ်။ အဲ့ဒီအခါမှာ ဦးနှောက် နဲ့ နှလုံးကဲ့သို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ အင်္ဂါအစိတ် အပိုင်းတွေမှာ အောက်စီဂျင်ငတ်ပြီး အသက်အန္တရာယ်ကြုံရစေပါတော့တယ်။
ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ပါက ချယ်ရီသီးနီနီကဲ့သို အရေပြားရဲတက်လာခြင်းကို တွေ့နိုင်ပါတယ်။
#အဆိပ်သင့်လက္ခဏာ
ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ပြီဆိုပါက ခေါင်းကိုက် ခေါင်းမူး နုံးချိအားနည်း ပျို့အန်ခြင်းတွေ ကြုံတွေ့ရပါတယ်။
နှလုံးတုန်၊ ရင်ခုန်၊ ရင်ဘတ်အောင့်၊ အသက်ရှူကြပ်၊ ချွေးစေးထွက်၊ ဗိုက်မအီမသာဖြစ်ပြီး လေရှုမဝဘဲ သတိလစ်ခြင်း၊ နားအူခြင်း၊ မျက်စိဝေခြင်း၊ ပတ်ဝန်းကျင်အခြေအနေကိုမသိတော့ဘဲ သတိ လက်လွတ်ဖြစ်ခြင်း တွေကိုလည်းကြုံရတတ်ပါတယ်။
ကျွန်တော်အပါအဝင် အသက်ရှူနေတဲ့ ဘယ်သူမဆို ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ငွေ့သင့်နိုင်ပါတယ်။
လူငယ်လူရွယ်လူလတ်ပိုင်းတွေကဲ့သို့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေကတော့ ခံနိုင်ရည်မရှိဘဲ အဆိပ်ငွေ့ကြောင့် လွန်စွာထိခိုက်တတ်ပါတယ်။ အဆုတ်ရောဂါအခံရှိသူ၊ နှလုံးရောဂါရှိသူ၊ သွေး အားနည်းရောဂါရှိသူနဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းကို ခံနိုင် ရည်နည်းတက်ပါတယ်။ အိပ်ပျော်နေသူတွေ၊ အရက်မူးနေသူတွေ ကာဗွန်မိုနောက်ဆိုဒ်အငွေ့ ရှူမိပြီး သတိလစ်လျက် အသက်သေဆုံးနိုင်တယ်။
#ပြုစုကုသခြင်း
ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ငွေ့သင့်လူနာကို အလုံပိတ်အခန်းတွင်းကနေ လေဝင်လေထွက်ကောင်းရာ အပြင်သို့ ချက်ချင်းပို့ပါ။ ဆေးရုံ ဆေးခန်းကျန်းမာရေးဝန်ထမ်းများကို အကြောင်းကြားပါ။ အောင်စီဂျင် ရှိပါကပေးထားပါ။ လူနာအသက်မရှူနိုင်ပါက အရေးပေါ်အသက်ကယ်ခြင်း (CPR) စလုပ်ပါ။ လူနာကိုဆေးရုံတင်ပြီး နေကောင်းသည်အထိစောင့်ကြည့်ကုသပါ။
#ပဋိပက္ခကာလအတွင်းမြန်မာပြည်သူများအတွက်အကြံပြုချက်
လျှပ်စစ်ဓာတ်အားအတွက် မီးစက်နှိုးရတဲ့အခါ မီးခိုးငွေများအိမ်အတွင်း မဝင်စေဖို့ စနစ်တကျစီမံပါ။ ကားအိပ်ဇောစနစ်ကို မကြာခဏစစ်ဆေးပါ။ ကားအိပ်ဇောက ဓာတ်ငွေ့တွေဟာ အလုံးပိတ်ကားအတွင်း ကို ယိုစိမ့်တဲ့အခါမှာလည်း ကာဗွန်မိုနောက်ဆိုဒ်ငွေ့အဆိပ်သင့်နိုင်ပါတယ်။
အိမ်အပြင်တွင် ထင်း၊ မီးသွေး၊ ဂက်စ်-မီးဖိုများထားရှိချက်ပြုတ်ပါ။ မီးဖိုဆောင်တွင် အငွေ့မောင်း ထုတ်စက် အငွေ့မောင်းထုတ်ပန်ကာ-အိတ်ဇောဖန် များစနစ်တကျ တွက်ချက် တပ်ဆင်ပါ။ ခြင်ဆေးခွေ၊ နနွင်းမှိုင်းထွန်းညှိတိုင်း သတိပြုပါ။
ရေတွင်းဟောင်းဆင်းခါနီးတိုင်း ၊ မြေအောက်ထပ်ဝင်ခါနီးတိုင်း၊ အလုံပိတ်အခန်းအသုံးပြုခါနီးတိုင်း သတိထားပါ။ အဖော်နဲ့အတူသွားပါ။ အခန်းပြင်ပမှာ လူစောင့်ထားပါ။
(ဗုံးခိုကျင်း)ပုန်းခိုကျင်း များအတွင်း တတ်နိုင်သမျှလေဝင်လေထွက်ကောင်းစေဖို့ ပြင်ဆင်ပါ။ ရေနံဆီဖန်မီးအိမ် လောင်စာသုံးမီးခွက် စသည်ဖြင့် လောင်ကျွမ်းမီးတောက်များသုံးတိုင်း သတိရှိပါ။ ဆောင်းရာသီ အိမ်တွင်းမီးလင်းဖို ဖိုခြင်းကိုလည်း စနစ်တကျ ဂရုပြုပါ။
ဓာတ်ခဲအားသုံး အခန်းအတွင်းကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေတိုင်းတာပေးပြီး စိုးရိမ်အဆင့်ရောက်ပါက အချက်ပေးသံမြည်သောစက်များ တပ်ဆင်ထားနိုင်ပါတယ်။
ပြည်သူများအားလုံး ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း အန္တရာယ်မှ ကင်းဝေးကြပါစေ။ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရရှိကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ငွေ့သင့်ခြင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)