
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၅ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် သိမ်းပိုက်ရရှိထားသော နယ်မြေကိစ္စ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA )နှင့် အငြင်းပွားမှုကို နှစ်ဖက်ဗဟိုကော်မတီချင်း မကြာမီတွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ထံမှ သိရှိရသည်။
လက်ရှိတွင် ကြိုတင်ပြင်ဆင်မှု အစည်းအဝေး ပြုလုပ်ထားပြီး နှစ်ဖက်တွေ့ဆုံမည့် နေရာသတ်မှတ် နိုင်ရေး လုပ်ဆောင်လျက်ရှိဟု TNLA တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လက ယမန်နေ့ ဧသတင်းစာရှင်းလင်းပွဲ၌ ဧရာဝတီတိုင်းမ် သတင်းဌာန၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်။
“ဒီကိစ္စက နဂိုတုန်းက ကျွန်တော်တို့ စာချုပ်သုံးခုနဲ့ သဘောတူညီမှုတွေ ရှိထားသလို တစ်နှစ်တစ်ကြိမ် တွေ့ဆုံဖို့ အစည်းအဝေးကလည်း မကြာမီ ဖြစ်ပွားဖို့ ရှိပါတယ်။ နေရာသတ်မှတ်ပြီးပြီဆိုရင် ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲ ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါနှစ်ဖွဲ့သည် ယခုနှစ် ပြီးခဲ့သော ဇန်န၀ါရီ၊ ဖေဖော်၀ါရီနှင့် မတ်အတွင်းက ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်မြို့နယ်တို့တွင် အောက်ခြေတပ်ဖွဲ့ဝင်များအကြား နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ အပြန် အလှန်ထိုးကြိတ် ရိုက်နှက်သည့် ရန်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုပြဿနာအတွင်း KIA တပ်ဖွဲ့ဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရပြီး တပ်ဖွဲ့ဝင် လေးဦးကိုလည်း TNLA က ဖမ်းဆီးသွားခဲ့သဖြင့် သက်ဆိုင်ရာ နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးပွဲ ပြုလုပ်၍ ညှိနှိုင်းဖြေရှင်းကြရန် ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအတွက် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းမှုများ ဆောင်ရွက်နေကြပြီး အပြုသဘောဆောင်သော ကူညီပံ့ပိုး မှုများအား မျှော်လင့်ပါကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောကြားထား သည်။
မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ဝင်များဟု လူသိများသော KIA နှင့် TNLA တို့သည် ၁၉၇၆ ခုနှစ်မှစတင်၍ ထာဝရ မဟာမိတ်ပုံစံဖွဲ့ အတူလက်တွဲကာ ဆောင်ရွက်ခဲ့သလို ၂၀၁၃ ခုနှစ်တွင်လည်း နှစ်ဖွဲ့အကြား နောက်ဆက်တွဲ စာချုပ်ပုံစံ ထပ်မံလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ကောင်စီ အာဏာသိမ်းပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလတွင်မူ နှစ်ဖွဲ့အကြားရှိ ထာဝရ မဟာမိတ် စာချုပ်များကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရန်နှင့် လုပ်ငန်းများ အတူတကွ ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နှစ်စဥ်နှစ်တိုင်း အနည်းဆုံးတစ်ကြိမ် ဗဟိုကော်မတီချင်း တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းရန် သဘောတူ ဆုံးဖြတ်ထားသော်လည်း စစ်ရေးပြင်းထန်နေသည့်အတွက် အစည်းအဝေးများ သတ်မှတ်အတိုင်း မပြုလုပ်နိုင်ခဲ့ကြောင်း TNLA တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လ၏ ပြောပြချက်အရ သိရသည်။
#KIA #နယ်မြေအငြင်းပွားမှု #ဗဟိုကော်မတီချင်း #တွေ့ဆုံသွားမည် #Ayeyarwaddy_Times