
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၅ ရက်
တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ နတ်ကြီးစင်အုပ်စု၊ စိန်ဘုံကျေးရွာ အဝင်မှာ ရိက္ခာကားတစ်စီး ပစ်ခတ်ခံရပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် အရပ်သား သုံး ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။
PDF ရဲဘော်နှင့် ရွာသားနှစ်ဦးသည် နှစ်ဖက်စစ်ရေးတင်းမာနေသော နတ်ကြီးစင်အုပ်စု ၊ စိန်ဘုံရွာအဝင်တွင် ပြီးခဲ့သည့် မေ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က တပ်ဖွဲ့အတွက် လိုအပ်သည့် ရိက္ခာများဝယ်ယူကာ ကားဖြင့်ပြန်လာစဉ် စစ်ကောင်စီတပ်၏ ကင်းပုန်းနှင့်တိုးကာ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်းသိရသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသူများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ဒေါနတပ်ခွဲ – ၄ မှ ရဲဘော်တစ်ဦးအပါအဝင် အရပ်သားများဖြစ်ကြသည့် ဘုရားသုံးဆူရွာသား ဦးလှမြင့် နှင့်ကိုလင်းထက် တို့ ဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင် အားစုများထံမှ သိရသည်။
“ဖြစ်တာက မွန်းလွဲ ၁ နာရီလောက်မှာပါ။ တပ်ဖွဲ့အတွက် ရိက္ခာတွေဝယ်ပြီး ပြန်လာတဲ့အချိန် စိန်ဘုံရွာအဝင်မှာ စစ်ကောင်စီတပ်ကင်းပုန်းနဲ့တိုးပြီး အလစ်ပစ်ခတ်ခံလိုက်ရတာပါ။ သတင်းပေး ကလည်း အတိအကျပေးထားလို့အခုလိုဖြစ်သွားတာပါ။ ကားတစ်စီး နဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းသွားတယ်” ဟုဒေါနစစ်ကြောင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် သုံးဦးအနက် ဘုရားသုံးဆူရွာသား ဦးလှမြင့်၏ အလောင်းကိုသာ ပြန်လည်ရရှိခဲ့ပြီး နောက် မေလ ၂ ရက်နေ့ မှာ သင်္ဂြိုဟ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံရွာသားများက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနတပ်ခွဲ -၄ မှ PDF ရဲဘော်တစ်ဦး၏ ရုပ်အလောင်းနှင့် ဒေသခံရွာသား ကိုလင်းထက် တို့၏ ရုပ်အလောင်းကို ၅ ရက် မြောက်သည့်နေ့အထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း ဒေါနစစ်ကြောင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးထံမှ သိရသည်။
ယင်းအပြင် မေလ ၁ ရက် နေ့က ကံပေါက်ဒေသခံ ဇာတိဖြစ်ပြီး နတ်ကြီးစင်ရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“ဖမ်းဆီးခံရတဲ့ အမျိုးသမီးကိုမောရဝတီ ရေတပ်မှာ စစ်ဆေးနေတယ်။ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်တယ်ဆိုပြီးစွတ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်”ဟု ဒေါနစစ်ကြောင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် နှစ်ဖက်ထိတွေ့မှုမရှိသေးပဲ မောရဝတီရေတပ် နှင့် ခလရ – ၂၈၂ တပ်ရင်း တို့မှ မင်းသားအုပ်စု နှင့် နတ်ကြီးစင်အုပ်စု တို့ကို လက်နက်ကြီး နှင့် ပစ်ခတ်မှုများပြုလုပ် နေခြင်းကြောင့် မင်းသား ၊ စိန်ဘုံ ၊ရေငံကြီး ၊ ဘုရားသုံးဆူ ၊ ကျောက်တစ်လုံး အစရှိတဲ့ ရွာ များမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီ၏ မောရဝတီရေတပ်သည် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ က လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့၍ စိန်ဘုံရွာရှိ ဒေသခံ သုံးဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။
ဓာတ်ပုံ-စစ်ကောင်စီတယ်လီဂရမ်။
ပုံစာ ၊ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံလိုက်ရတဲ့ ဒေါနတပ်ခွဲ – ၄ မှ ရဲဘော် နှင့် ဒေသခံနှစ်ဦး။