
ဧရာဝတီတိုင်း
မေ ၅ ရက်
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်စစ်ကိုင်းငလျင်ကြောင့် နေအိမ်ပျက်စီးခဲ့ရသည့် ငလျင် ဘေးသင့် ပြည်သူများအနက် စာသင်ကျောင်းများတွင် ယာယီခိုလှုံနေကြသူများမှာ ယခုအခါ ပြောင်းရွှေ့ရန် ဖိအားပေးခြင်းများ ခံနေရကြောင်း UNOCHA Myanmar အစီရင်ခံစာအရ သိရသည်။
လာမည့် ဇွန်လ အစောပိုင်းတွင် ပြန်လည်စတင်မည့် ပညာသင်နှစ်အတွက် စာသင်ကျောင်းများတွင် ခိုလှုံနေကြသူများမှာ ပြောင်းရွှေ့ရန် ဖိအားပေးခြင်းခံနေရပြီး ကြမ်းတမ်းသည့်ရာသီဥတု အခြေအနေ များကြောင့်လည်း ၎င်းတို့ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးမှာ အရေးတကြီးလိုအပ် နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“စခန်းမှာရှိသူတွေဘယ်နားဘယ်လိုနေကြမလဲမသိဘူး။ ကိုယ်အစီစဉ်နဲ့ကိုယ်နေရမယ်။ အချို့က အစိုးရ (စစ်ကောင်စီ) ဖွင့်ထားတဲ့စခန်းမှာပဲ ပေါင်းနေရမလားမသိဘူး” ဟု မန္တလေးရှိ စာသင်ကျောင်း တစ်ခုတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းမှ ငလျင်ဘေးသင့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြင်းထန်ငလျင်ဘေးအပြင် အရေးပေါ်ကူညီထောက်ပံ့ရေးများမလုံလောက်မှုကြောင့် အမိုးအကာ၊ သောက်သုံးရေ၊ ကျန်းမာရေးစောင့် ရှောက်မှုများ လိုအပ်နေဆဲဖြစ်ကာ ယခုရက်ပိုင်းအတွင်း မိုးရွာ သွန်းမှုများကြောင့်လည်း နေအိမ်ပျက်စီးမှုများတိုးများလာနေပြီး လူအများအပြားမှာ ဘေးကင်း လုံခြုံသည့် နေရာများမရှိကြောင်းလည်း UNOCHA ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြင်းထန်ငလျင်လှုပ်ခတ်မှုအပြီးတွင် လူပေါင်း ၁၂၆,၉၀၀ ကျော်ကို NFI(Non-Food Items) အရေးပေါ်အကူအညီများကို ပေးအပ်နိုင်ခဲ့ပြီး ပြည်နယ်နှင့်တိုင်း ခြောက် ခုရှိ လူပေါင်း ၁၈,၄၀၀ ကိုလည်း အမိုးအကာထောက်ပံ့မှုများ ပေးအပ်နိုင်ခဲ့ ကြောင်းUNOCHA ကထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)
#စစ်ကိုင်းငလျင် #စာသင်ကျောင်း #ကယ်ဆယ်ရေးစခန်း #ပြောင်းရွှေ့ #ဖိအားပေးခံရ #Ayeyarwaddy_Times