ဧရာဝတီတိုင်းမ်
မေ ၃ ရက်

ထိုင်းနိုင်ငံတွင် ယမန်နေ့ မေ ၂ ရက်နေ့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နှင့် လျော့ပါးရေးဌာနမှ ဦးဆောင်ကာ ဘန်ကောက်အစိုးရစင်တာ နှင့် သတ်မှတ်ထားသည့် ခရိုင်ရုံးများ၏ နှစ် ကီလိုမီတာအကွာအတွင်း မိုဘိုင်းဖုန်းများမှတဆင့် သဘာဝ ဘေးအန္တရာယ်သတိပေးစနစ် စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စမ်းသပ်ဧရိယာအတွင်းရှိ မိုဘိုင်းဖုန်းပိုင်ရှင်များမှာ ၎င်းတို့၏ဖုန်းများအနေဖြင့် အသံတိတ်စနစ်တွင်ရှိနေပါကလည်း စာတို နှင့် အသံ သတိပေးချက်ကို ရရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ ဖုန်းတွင်း သတိပေးချက်ပို့သည့် စမ်းသပ်မှုများကို ထိုင်းနိုင်ငံရှိခရိုင်အသီးသီးတွင် ထပ်မံပြုလုပ်သွားရန်လည်းရှိကြောင်းသိရပြီး မေ ၇ ရက်တွင် အလတ်စားစမ်းသပ်မှုတစ်ကြိမ်၊ မေ ၉ ရက်နေ့တွင်တစ်ကြိမ်၊ မေ ၁၃ ရက်တွင်တစ်ကြိမ် အကြီးစားစမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့မှစတင်ကာ ပြုလုပ်သည့် စမ်းသပ်မှုများသည် ထိုင်းနိုင်ငံ၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးစနစ်ကို တိုးတက်စေရန် အစိုးရမှဦးဆောင် ပြုလုပ်သည့် စီမံချက်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်စီးပွားရေး နှင့် လူမှုရေးဝန်ကြီးဌာန၊ အမျိုးသား ရုပ်သံ နှင့် ဆက်သွယ်ရေးကော်မရှင်၊ ပြည်သူ့ဆက်ဆံရေးဌာန နှင့် AIS, True, National Telecom တို့မှ ပူးပေါင်းဆောင်ရွက်ထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့ပြီး ထိုင်းနိုင်ငံအထိ သက်ရောက်ခဲ့သည့် ပြင်းထန်ငလျင်တွင် အစိုးရမှ သတိပေးရန်ပျက်ကွက်ခဲ့သည့်အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နှင့် လျော့ပါးရေးဌာနမှ ဦးဆောင်ကာ ယခုကဲ့သို့ ဖုန်းတွင်း သတိပေးချက်ပို့သည့် ဒီဇိုင်းကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ကိုးကား – Bangkok Post

#Ayeyarwaddy_Times