ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ရက်
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ရွေးတုအစိုးရ စစ်တပ်ဘက်မှ ဗျူဟာမှူးတစ်ဦးနှင့် စစ်ဦးစီးမှူး (ပထမတန်း) G-1 တို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လက်နက် ကြီးထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ခေါင်လန်ဖူးမြို့နယ်၊ နယ်ခြားစမှတ် (BP-30) ဒေသဘက်သို့ အင်အားဖြည့်တင်းရန် ရောက်ရှိ လာကြသည့် ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) မှ ဗျူဟာမှူးနှင့် G-1 တို့သည် ရှာကာဒီလမ်းအတိုင်း ထွက်ခွာလာစဉ် အောက်တိုဘာ ၁၁ ရက်နေ့တွင် KIA ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။
“ဗျူဟာမှူးနဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အရာရှိတစ်ယောက်ပါ လက်နက်ကြီးထိသွားတယ်ပြောပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရွေးတုအစိုးရစစ်တပ်၏ ဗျူဟာမှူးနှင့် G-1 တို့ အပါအဝင် အရာရှိကြီးများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ခေါင်လန်ဖူးဘက်သို့ ထမ်းခေါ် သယ်ဆောင်လာခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့နောက် အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် သေဆုံးသွားသည့် အရာရှိကြီးများ၏ ရုပ်အလောင်းများကို ရဟတ်ယာဉ်ဖြင့် လာရောက် သယ်ဆောင်သွားခဲ့ကြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်က အမတ်ပေါ်ကျေးရွာအနီး နယ်စပ်မှတ်တိုင် (၃၀) အနီးရှိ ရွေးတုအစိုးရစစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါစခန်းမှာ မိုးရာသီကာလ နယ်စပ်စခန်းများသို့ ရိက္ခာထောက်ပံ့ရန် အဓိကအသုံးပြုနေသည့် ရဟတ်ယာဉ်ကွင်း ပါဝင်သော စခန်းတစ်ခု ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် အဆိုပါစခန်းကို ပြန်လည်ရရှိရေးအတွက် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ နယ်ခြား မှတ်တိုင် (၃၀) နှင့် (၃၁) ကြားတွင် စက်တင်ဘာ ၂၃ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပုံစာ-ရဟတ်ယာဉ်ဖြင့်စစ်ကူရိက္ခာပို့လာသည့် စစ်တပ် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)