ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ရက်
ရခိုင်ပြည်နယ်၊ စစ်တွေ-ပေါက်တော-ပုဏ္ဏားကျွန်း စက်ဝိုင်းကြားရှိ ငပြီကျွန်းသို့ ရွေးတုအစိုးရ စစ်တပ်က အင်အား ၂၇၀ ခန့် အသုံးပြု၍ ကမ်းတက်စစ်ဆင်ရေး ပြုလုပ်ခဲ့သော်လည်း အင်အား ပြုန်းတီးကာ အစုလိုက် ပြန်လည်ထွက်ပြေးခဲ့ရပြီးနောက် ပေါက်တောမြို့နှင့် ဝန်းကျင်ဒေသများကို လေကြောင်းမှ ဗုံးအလုံး ၂၀၀ ခန့် အပြင်းအထန် ကြဲချတိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။
ကမ်းတက်စစ်ဆင်ရေး ရှုံးနိမ့်ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီကျော်အထိ ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာ နှစ်စီးနှင့် Y-12 လေယာဉ်တို့ဖြင့် ပေါက်တောမြို့ပေါ်နှင့် ဝန်းကျင်ကျေးရွာများကို ဗုံးအမြောက်အမြား ဆက်တိုက် ကြဲချနေခြင်းဖြစ်သည်။
”ငပြီကျွန်းဘက်ရော ပေါက်တောဘက်ပါ ဗုံးပတ်ကြဲနေတာ မြို့ပေါ်ရပ်ကွက်တွေလည်း အကြဲခံရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်တပ်သည် ယနေ့ နေ့လယ်ပိုင်းတွင် ပေါက်တောမြို့၊ ရပ်ကွက် (၂) တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့သည့်အပြင် ကြိမ်ခွေမော်နှင့် လက်ပံပြား ကျေးရွာများဘက်သို့လည်း ဗုံးရာချီ ကြဲချခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ငပြီကျွန်း အနီးဝန်းကျင်ကိုပါ ဗုံးများ ဆက်တိုက် ကြဲချလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က ငပြီကျွန်းသို့ ကမ်းတက်နိုင်ခဲ့သည့် ရွေးတုအစိုးရစစ်တပ်၏ လက်ကျန်အင်အားများမှာလည်း အစုလိုက် ပြန်လည်ထွက်ပြေးနေကြရပြီး ကျွန်းပေါ်တွင် ခြေကုတ်ယူနိုင်သည့် အနေအထား မရှိတော့ကြောင်း သိရသည်။ အဆိုပါ ကျွန်းပေါ်ရှိ ဒေသခံများမှာ ပေါက်တော မြို့သိမ်းတိုက်ပွဲ ဖြစ်စဉ်ကတည်းက စွန့်ခွာသွားကြပြီးနောက် နှစ်ဖက်တပ်ဖွဲ့များ တပ်စွဲထား ခြင်းမရှိသည့် နယ်မြေဖြစ်ကြောင်း သိရသည်။
ကျွန်းပေါ်သို့ ကမ်းတက်ရန် ကြိုးစားစဉ်က စစ်တွေအခြေစိုက် အမြောက်တပ် (၃၇၃) ၏ တပ်ခွဲတစ်ခု ပါဝင်ခဲ့ပြီး ခြေကုတ်စခန်းယူရန် ပြင်ဆင်ခဲ့သော်လည်း တိုက်ပွဲအတွင်း အထိနာခဲ့သဖြင့် ယမန်နေ့ အောက်တိုဘာ ၁၄ ရက်တွင် တပ်ဖွဲ့ဝင် ၂၀ ခန့် ထပ်မံ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံ သတင်းရင်း မြစ်များ၏ ပြောပြချက်အရ သိရသည်။
ပုံစာ-ကမ်းတက်စစ်ဆင်ရေးလေ့ကျင့်နေသည် စစ်တပ် တပ်ဖွဲ့ဝင်များ(ပုံဟောင်း)