ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပုဏ္ဏားကျွန်းဘက်သို့ ထိုးစစ်ဆင်နေသည့် ရွေးတုအစိုးရစစ်တပ်သည် အာရက္ခတပ်တော် (AA) ၏ အပြန်အလှန် တန်ပြန်ထိုးစစ်ကြောင့် မြို့တော်စစ်တွေရှိ တပ်စခန်းများကို အသည်းအသန် ခုခံကာကွယ်နေရပြီဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရုံးစိုက်ရာ ဒေသကွပ်ကဲမှုစစ်ဌာချုပ် (ဒကစ) နှင့် အနီးဆုံး ဖြစ်သည့် ရေချမ်းပြင်အထိ AA က ထိုးစစ်ဆင်လာရာ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့အထိ နှစ်ဖက် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
“ဒကစအနီးထိ ထိုးစစ်ရောက်ပြီ။ မြို့ပေါ်ကနေ ပစ်ခတ်သံတွေကြားလာရပြီ။ ရေချမ်းပြင်က ခလရ -၂၇၀ အရင်ပါသွားနိုင်တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေချမ်းပြင်ဒေသတွင် ခလရ ၂၇၀ တပ် တပ်စွဲထားပြီး၊ မြေပြင်သတင်းများအရ ပုဏ္ဏားကျွန်း ထိုးစစ်အတွက် တပ်အင်အားများ ထပ်မံဖြည့်တင်းထားကာ တပ်ရင်းများအရှေ့တွင် ဘန်ကာများနှင့် ကတုတ်ကျင်းများကိုပါ တူးဖော်ပြင်ဆင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ထို့အပြင် ဒကစအနီးရှိ ကံ့ကော်ကျွန်းကိုလည်း AA က ထိုးစစ်ဆင်ရန် ဝိုင်းပတ်ပိတ်ဆို့ထားသည့် အနေအထားတွင် ရှိနေပြီး၊ ရွှေမင်းဂံ ရေတပ်စခန်းဘက်မှလည်း ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်သံများကို စစ်တွေမြို့တွင်းအထိ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။
ကွမ်းတောင်မှ အမြင့်ကျွန်းဘက်သို့ ဆုတ်ခွာလာသည့် ရွေးတုအစိုးရစစ်တပ်၏ တပ်များမှာလည်း ကာကင်းများကို ဆက်တိုက် လက်လွှတ်နေရပြီး ထိုးစစ်အခြေအနေမှ ခံစစ်အနေအထားသို့ လုံးဝ ကူးပြောင်းသွားရပြီဖြစ်ကာ မင်းချောင်းတံတား ပတ်ဝန်းကျင်တွင်လည်း AA တပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားလျက် ရှိသည်။
စစ်တွေတပ်နယ် တစ်ခုလုံးတွင် တပ်ပျက်ကာ ဆုတ်ခွာလာရသည့် နပခ အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၂၀ ခန့် ရှိနေပြီး ၂၀၂၅ ခုနှစ်အထိ ရရှိထားသည့် စာရင်းများအရ နပခ ကို ချန်လှပ်ထားပါက ကျန်တပ်ရင်း ၁၉ ခုတွင် စစ်အင်အား ၂,၅၀၀ ကျော် ရှိနေသည်။
ယခု ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် ထိုးစစ်များအတွက် ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်းသုံးခုဖြင့် အင်အား ၁,၅၀၀ ထပ်မံဖြည့်တင်း သုံးစွဲခဲ့သော်လည်း စက်တင်ဘာ ၄ ရက်မှ စက်တင်ဘာ ၁၇ ရက်အတွင်း AA ၏ ဖမ်းဆီးရမိမှုကြောင့် သုံ့ပန်းဖြစ်ခဲ့ရသူများနှင့် ကျဆုံးပျောက်ဆုံးမှုများကြောင့် အင်အားများ အလွန်အမင်း ပြုန်းတီးနေပြီဖြစ်ကြောင်း သိရသည်။