ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အာဏာသိမ်း ရွေးတုအစိုးရခန့် မြို့နယ်ပညာရေးမှူးက ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကြံစည်၍ ၎င်းလက်အောက်ခံ အခြေခံပညာ မူလတန်းကျောင်းမှ Non-CDM လက်ထောက်မူလတန်းပြ ဆရာမတစ်ဦးကို လိမ်လည်ခေါ်ဆောင် ဖမ်းဆီးသွားကြောင်း နီးစပ်သူများထံက သိရသည်။

အုတ်ဖိုမြို့နယ်၊ ရှားစီးဘိုကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းမှ Non-CDM လက်ထောက်မူလတန်းပြ ဆရာမဖြစ်သူ ဒေါ်နှင်းဝတ်ရည်ကို မြို့နယ်ပညာရေးမှူးရုံးသို့ ဆင့်ခေါ်သဖြင့် အောက်တိုဘာ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဖြူအစိမ်း (ကျောင်းဝတ်စုံ) ဖြင့်သွားရောက်ခဲ့ရာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“မြို့နယ်ပညာရေးမှူးက ရုံးကိုညာခေါ်တယ်။ ရုံးကခေါ်တယ်ဆိုလို့ သူ့အဖေကိုယ်တိုင် လိုက်ပို့တယ်ကြားတယ်။ အဲဒီမှာ ရဲတွေရောက်လာပြီး ခဏတာမေးမြန်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ပူးပေါင်းကြံစည်တဲ့ သဘောပါ” ဟု ထိုအကြောင်း သိရှိထားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ Non-CDM မြို့နယ်ပညာရေးမှူးသည် အထက်ဖား၊ အောက်ဖိများ လုပ်လေ့ရှိပြီး လူမှုကွန်ရက် (Facebook) ပေါ် အကောင့်တုဖြင့် Non-CDM လက်ထောက်မူလတန်းပြ ဆရာမ ဒေါ်နှင်းဝတ်ရည် မှတ်ချက်ရေးမှုကို သိရှိသွား၍ ချောက်ချတိုင်တန်းကာ ထိုသို့ ပူးပေါင်းဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

“သူပဲ (Non-CDM မြို့နယ်ပညာရေးမှူး) အဓိကတာဝန်ရှိတာ၊ ထောင်ဖမ်းတဲ့ သဘောပါ။ ရုံးဝန်ထမ်းတွေကလည်း ပညာရေးမှူးရဲ့ လုပ်ရပ်ကို လွန်စွာမုန်းတီး ရွံရှာနေတယ်။ အဲဒီကိစ္စ ပညာရေးမှူးကို ထိခိုက်မှာဆိုးလို့ သူတို့(ရဲတပ်ဖွဲ့) ဖုံးဖိနေတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်ကို ရွေးတုအစိုးရက လူမှုကွန်ရက်ပေါ် Mi Pauk အကောင့်အမည်ဖြင့် ၎င်းတို့အား မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်နေသောကြောင့် Non-CDM လက်ထောက်မူလတန်းပြ ဆရာမ ဒေါ်နှင်းဝတ်ရည်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်လာသည်။

ထို Non-CDM မူလတန်းပြဆရာမသည် အောက်တိုဘာ ၁၂ ရက်တွင် လှုံ့ဆော်ဝါဒဖြန့်ဟုဆိုကာ ယင်းနေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်၌ ရွေးတုအစိုးရ လက်အောက်ခံ အုတ်ဖိုမြို့မရဲစခန်းသို့ ဖမ်းဆီးအမှုဖွင့် ထိန်းသိမ်းထားကြောင်း ဝါဒဖြန့်သတင်းစာမှတစ်ဆင့် ဖော်ပြထားသလို လက်ရှိတိုင် မလွှတ်သေးပေ။

အာဏာသိမ်း ရွေးတုအစိုးရသည် ၎င်းတို့အပေါ် ဝေဖန်သူများကို နေ့စဉ်နှင့်အမျှ ဖမ်းဆီးလျက်ရှိရာ လူမှုကွန်ရက်ပေါ်တွင် ရေးသားသူများ၊ မျှဝေ (Share) သူများနှင့် ထောက်ခံ (Like) ပေးသူများကိုပါ မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်သည်ဟု အကြောင်းပြကာ အမှုဖွင့် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်