ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့ရှိ ကိုယ်ပိုင်စာသင်ကျောင်းတစ်ကျောင်းရဲ့ အမိုးဟာ အောက်တိုဘာ ၁၅ ရက်က ပြိုကျခဲ့တာကြောင့် ကျောင်းသား ၂၈ ဦး သေဆုံးခဲ့ပါတယ်။

 

သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် ၁၃ နှစ်နဲ့ အောက်အရွယ်တွေ ဖြစ်ကြတယ်လို့ Lady Reading ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အာဆင်မ်က ဒေသတွင်းသတင်းဌာနတွေကို ပြောပါတယ်။

 

ဖြစ်စဉ်ကြောင့် အဆိုပါဆေးရုံမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး ဒဏ်ရာရသူတွေကို အရေးပေါ် ကုသပေးနေရပါတယ်။

Rescue 1122 ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘီလာ အာမက်ဖိုင်ဇီက ကျောင်းသားတွေနဲ့ ဆရာမတွေ အပါအဝင် လူ ၂၀ နီးပါးကို ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

 

အခင်းဖြစ်ပွားရာ စာသင်ကျောင်းအတွင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။

 

ပါကစ္စတန်နိုင်ငံမှာ အဆောက်အအုံ ဆောက်လုပ်ရေး စံချိန်စံညွှန်း လိုက်နာမှု အားနည်းတာနဲ့ အရည်အသွေးနိမ့် ဆောက်လုပ်ရေးပစ္စည်းတွေကို အသုံးပြုတာတွေကြောင့် အဆောက်အအုံ ပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လတုန်းအတွင်း လာဟိုးမြို့ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်း အမိုးပြိုကျခဲ့တာကြောင့် ကလေးငယ် ၁၄ ဦး သေဆုံးခဲ့ရပါသေးတယ်။

 

အခုဖြစ်စဉ်ဟာ ဆောက်လုပ်ရေး စံချိန်စံညွှန်း မပြည့်မီမှုကြောင့် ဖြစ်ပွားရတာလို့ ယူဆနေကြပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

 

News: Anadolu Agency
Ref; 28 students killed in school roof collapse in northwestern Pakistan