ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

 

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၅ နှစ်ကျော်ကြာ စစ်ဘေးခိုလှုံနေကြသည့် ထန်တလန်မြို့ခံများသည် နေရပ်သို့ ပြန်လည်အခြေချနိုင်ရေးအတွက် ရွေးတုအစိုးရစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ဟားခါးမြို့ရှိ ရွေးတုအစိုးရစစ်တပ်မှ တာဝန်ရှိသူများနှင့် ထန်တလန် စစ်ဘေးရှောင် ကိုယ်စားလှယ် အချို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ထန်တလန်မြို့တွင်း လက်ရှိအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံမှုနှင့် မြို့တွင်း ကွင်းဆင်းကြည့်ရှုမှုများအပေါ် အခြေခံ၍ ဟားခါးမြို့ရောက် ထန်တလန် စစ်ဘေးရှောင်များသည် အောက်တိုဘာ ၁၁ ရက်တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပြီး နေရပ်ပြန်ရန် သဘောတူညီမှု ရရှိခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့တွေ အရင်ဆုံး စစ်တပ်ဘက်က တာဝန်ရှိသူတွေနဲ့ တွေ့တယ်။ နေရပ်ပြန်ဖို့ ဖြစ်နိုင်၊ မဖြစ်နိုင် မြို့တွင်း အခြေအနေကိုလည်း သွားကြည့်တယ်။ ပြီးမှ မြို့ခံတွေနဲ့ အစည်းအဝေး လုပ်တယ်။ စစ်ဘေးရှောင်အများစုကလည်း ပြန်ချင်ကြတယ်” ဟု ထန်တလန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ဘေးရှောင်များ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ရွေးတုအစိုးရစစ်တပ်ဘက်က မြို့တွင်းရှိ မြေမြှုပ်မိုင်းများ အမြန်ဆုံး ရှင်းလင်းပေးမည်ဖြစ်ကြောင်းနှင့် သောက်သုံးရေ၊ လျှပ်စစ်မီး ရရှိရေး အပါအဝင် အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ပေးမည်ဟု ကတိကဝတ်ပြု ပြောဆိုထားကြောင်း သိရသည်။

 

ထို့အပြင် စစ်ဘေးရှောင်များ နေရပ်ပြန်လည်အခြေချရာတွင် လိုအပ်သည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် “ထန်တလန် နေရပ်ပြန်ရေးကော်မတီ” ကိုလည်း အောက်တိုဘာ ၁၁ ရက် တွေ့ဆုံပွဲတွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

“စစ်တပ်ဘက်ကတော့ မြို့တွင်း မိုင်းတွေ အမြန်ဆုံး ရှင်းလင်းပေးမယ်ပြောပါတယ်။ ပြီးတော့ ရေတွေ၊ လျပ်စစ်မီးတွေ ပြန်ရဖို့ လုပ်ပေးမယ်လို့ အာမခံ ပြောဆိုထားပါတယ်”ဟု ထန်တလန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ချင်းပြည်နယ်၏ အရေးပါသော ထန်တလန်မြို့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများနှင့် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရမှုများကြောင့် မြို့လုံးကျွတ်နီးပါး ပျက်စီးခဲ့ရပြီး ဒေသခံ ပြည်သူများသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အပါအဝင် ဟားခါး၊ ရန်ကုန်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 

ဓာတ်ပုံ-CJ