ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ လက်သမားမြန်မာကျေးရွာတွင် စားသုံးဆီများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က အပတ်စဉ် ပုံမှန်ဝေငှပေးခြင်းမရှိဘဲ နှစ်ပတ်ခြားမှတစ်ကြိမ်သာ ထုတ်ဝေပေးပြီး ပြင်ပဆိုင်သို့ ရောင်းစားနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။
အဆိုပါကျေးရွာ၌ ဒေသခံများအတွက် ခွဲတမ်းထုတ်ပေးသည့် စားသုံးဆီများကို သတ်မှတ်ရက်အကြိမ်ရေအတိုင်း ပုံမှန်မဝေငှဘဲ ရွေးတုအစိုးရခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းတင်က ဦးဆောင်ကာ ရာအိမ်မှူးဖြစ်သူ ဦးမျိုးမြင့်က ဆီများကို ရွာတွင်းရှိ ဒေါ်ခင်စန်းဦး စျေးဆိုင်အမည်သို့ ကိုယ်တိုင်သွားရောက် ရောင်းချလျက်ရှိကြောင်း ဒေသခံများကပြောသည်။
“အထက်က ချပေးတဲ့ဆီတွေကို ပုံမှန်အတိုင်း အပတ်စဉ်မဝေဘဲ နှစ်ပတ်မှ တစ်ခါပဲ ထုတ်ပေးတယ်။ ပြီးတော့ အဲ့ဒီဆီတွေကို ရွာထဲက ဆိုင်ကို ပြန်သွင်းပြီး ရောင်းစားနေကြတာပါ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ ကိုယ်ကျိုးအတွက် အသုံးချကာ ဖြတ်တောက်ရောင်းချနေမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် အရေးယူပေးရန် ဒေသခံများက တောင်းဆိုထားကြကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် လပွတ္တာမြို့နယ်တို့တွင်လည်း ရွေးတုအစိုးရခန့် အုပ်ချုပ်ရေးအဖွဲ့များက စားအုန်းဆီများကို မှောင်ခိုစျေးဖြင့်ရောင်းချနေကြကြောင်း ဒေသခံများထံကသိရသည်။
လက်ရှိတွင် အခြေခံလူတန်းစား ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာသည့် စားအုန်းဆီကိုသာ အဓိကထားစားသုံးနေရသော်လည်း ပြည်တွင်း၌ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့မှာ ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းနှင့် ထုတ်လုပ်မှုစရိတ် ညီမျှမှုမရှိခြင်းကြောင့် ပြည်တွင်းဖြစ်ဆီများကို အပြည့်အဝ အသုံးမပြုနိုင်သေးကြောင်း သိရသည်။
လက်ရှိ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇,၁၇၉ ဖြစ် ကြောင်း ရွေးတုအစိုးရလက်အောက်ခံ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသော်လည်း လက်ရှိ ပြင်ပပေါက်စျေးမှာ ၁၇,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ် အတွင်းရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ဓာတ်ပုံ- ရွေးတုအစိုးရခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းတင်